မြန်မာပြည်နဲ့ Digital Banking
An end-user view on banks from Myanmar
Intro
မှတ်မှတ်ရရ ၂၀၀၃ခုနှစ်မှာ အဲတုန်းက မြန်မာပြည်ရဲ့အကြီးဆုံး ပုဂ္ဂလိကဘဏ် အာရှဓနဘဏ်ပြိုတော့ ၆တန်းလောက်ပဲရှိဦးမယ် ထင်တယ်။ ဘဏ်မပြိုခင်လပိုင်းလောက်ကတည်းက အိမ်က အမေ ပိုက်ဆံပြေးထုတ်တာ လိုက်သွားတော့ မှတ်မိနေတာ။ အဲနောက်ပိုင်းတော့ KBZ ဘဏ်က တစ်ဟုန်ထိုးတက်လာပြီး အခုလက်ရှိ မြန်မာပြည်ရဲ့အကြီးဆုံးဘဏ်နေရာကို ရောက်လာတာပဲ။

Traditional Banking
သေချာတာတော့ traditional banking မှာ KBZ ကို ယှဥ်နိုင်တဲ့သူ မရှိဘူး။ ပိုက်ဆံတွေနင်းကန်သုံးပြီးလိုက်ရင်လည်း အလွန်ဆုံး AYA Bank (၂၀၁၀ မှာစထောင်) အဆင့်လောက်ပဲ ရောက်မယ်။ ကျော်ချင်တယ်ဆို banking စနစ်တစ်ခုလုံးပြောင်းတဲ့ game changing တစ်ခုခုဖြစ်မှပဲရမယ်။ Game changing ကလည်း တကယ်တော့ စနေပြီ၊ အဲတာက transition into digital banking ပဲ။
Digital Banking
အခုလက်ရှိ banking apps တွေကို သုံးကြည့်ရင် နောက် ၁၀ နဲ့ ၁၅နှစ် အကြာမှာ ဘယ်ဘဏ်တွေက market ကို dominance လုပ်သွားမလဲ မှန်းလို့ရတယ်။ တစ်ခုခုဆို ဘဏ်ပြေးပြီး face to face လုပ်ရတာကြိုက်တဲ့ Baby boomers နဲ့ Gen-X 60% လောက်က နောက်ထပ် ၁၅နှစ်လောက်ဆို မျိုးဆက်ပြုတ်ပြီ။ ကျန်ခဲ့မှာက နည်းပညာကျွမ်းကျင်ပြီး အချိန်ကုန် အလုပ်ရှုပ်တာတွေ မကြိုက်တဲ့ Gen-Y, Z, Alpha မျိုးဆက်တွေ။
Branch နည်းနည်း၊ ဝန်ထမ်း နည်းနည်း၊ Merchant များများနဲ့ 24 hrs service ပေးနိုင်တဲ့ call center တွေ၊ user experience မတရားကောင်းပြီး ဘဏ်သွားစရာမလိုပဲ လုပ်ချင်တာအကုန်ရတဲ့ platforms တွေထုတ်နိုင်တဲ့ ဘဏ်တွေကပဲ ဆက်ကြီးစိုးသွားမယ်။
A Mastermind
KBZ က ဒါတွေကြိုမြင်လို့ လွန်ခဲ့တဲ့ ၅နှစ်လောက်ထဲက digital banking ကို သေချာကြိုပြင်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့ mobile banking နဲ့ wallet app တွေက feature စုံပြီး UX တော်တော်ကောင်းတဲ့အပြင် ရှိသမျှ traditional services တွေကို platform ပေါ်တင်နေတဲ့အချိန်မှာ close competitor တွေဖြစ်တဲ့ AYA, CB နဲ့ Yoma ရဲ့ app တွေက ကျောင်းသားတွေ project assignment တင်တဲ့အဆင့်ပဲ ရှိသေးတယ်။
ခန့်မှန်းခြေ digital platforms တွေရဲ့ 98% လောက်ကို KBZ ကပဲ လွှမ်းမိုးထားတာ။ အဲတာကလည်း new users တွေ virus လိုပွားနေတဲ့အပြင် စိတ်ပညာအရ လူတွေက app တစ်ခုကို အသေမှတ်ပြီး ထပ်တလဲလဲ သုံးတက်ကြတယ်။ ဘဏ်အကောင့်ပြောင်းဖွင့်ခိုင်းရင်သာ လွယ်မယ်၊ app ပြောင်းသုံးဖို့ကို ဝန်လေးကြတယ်။
အခု traditional banking က အလုပ်ဖြစ်နေသေးချိန်မှာ သူတင်ကိုယ်တင် ယှဥ်နိုင်သေးပေမယ့် နောက် ၁၅ နှစ်လောက်အကြာမှာ KBZ ကပဲ အခုထက်ဆိုးတဲ့ monopoly ဆန်ဆန်ပုံစံနဲ့ market တစ်ခုလုံးကို သိမ်းတော့မယ်ဆိုတာ ကြိုမြင်နေရပြီ။ တစ်ခြားဘဏ်တွေက ခုမှအသိတရားရပြီး ထလုပ်တောင် တော်တော်ကိုနောက်ကျနေပြီ။ Quality ပိုကောင်းတဲ့ app ထုတ်ပြနိုင်တောင် user base က တအားကွာနေပြီ။ (၂၀၁၉ မှာ Google+ ရဲ့ကျဆုံးခန်းကို ရှု)

The Final Chance
Military Coup ဖြစ်ပြီးနောက်မှာ KBZ က နာမည်တော်တော်ပျက်ပါတယ်။ CDM အားကောင်းတုန်းက ဘဏ်ဖွင့်ဖို့ကြိုးစားတာ၊ customer ကို ရဲတိုင်တာ၊ ATM တန်းစီတုန်းက လုံခြုံရေးနဲ့ ပွဲစားတွေပေါင်းလုပ်စားတာကနေ အခုဆို customer တွေကို လေသံမာမာနဲ့ဆက်ဆံတဲ့အထိ service က ပျက်စီးနေတယ်။
ဒါတစ်ခြားဘဏ်တွေအတွက် တကယ့်ကို အခွင့်ကောင်းပါ။ ခုချိန်မှာ service ကောင်းကောင်းပေးနိုင်တဲ့ ဘဏ်ကို လူတွေပိုလာကြတယ်။ အထူးသဖြင့် UAB ဆို Western Union နဲ့ hire purchase (automobile) မှာ market leader လိုဖြစ်လာတာ သတိထားမိတယ်။ Home loan ဆိုရင်လည်း Yoma က process မြန်တယ်ဆိုပြီး နာမည်တက်လာတယ်။ ဒါတွေက အရင်တုန်းက KBZ ရဲ့ market share တွေပါ။ သူတို့အနေနဲ့ တော်လှန်ရေးပြီးလို့ အတင်းကောင်းပြရင်တောင် လူတွေက ပြန်လာကြတော့မှာ မဟုတ်ဘူး။
Conclusion
KBZ ကို ကျော်တက်ဖို့က အချိန်တစ်ခုယူရမှာပါ။ ဒါပေမယ့် အခုလို traditional banking ဆီ နောက်ပြန်ဆုတ်နေတဲ့အချိန်မှာ service ကောင်းကောင်းပေးထားနိုင်ပြီး တော်လှန်ရေးနိုင်လို့ တဟုန်ထိုး တိုးတက်လာမယ့် digital banking အတွက် ကြိုပြင်နေတဲ့ ဘဏ်တွေကတော့ အနာဂတ်တော်တော်ကောင်းမယ်လို့ပဲ မြင်မိပါတယ်။