Coding 2.0

Revolutionizing Software Development: The AI Impact

Myo Win Thein
3 min readJun 1, 2023

နိဒါန်း

အရင်တုန်းက ဘယ်ကိစ္စမဆို Google မှာရှာပြီး အစအဆုံး ကိုယ်တိုင်လုပ်နေရာကနေ အခုတော့ ChatGPT အကူအညီနဲ့ တော်တော်အလုပ်ဖြစ်နေတယ်။ 2023 tech industry က developer တွေ အတွက်တော့ အော်စကာပွဲထဲက သတင်းထောက် တွေလိုပဲ။ AI tool တစ်ခုထွက်လာလိုက်၊ အဲနားလူအုံသွားလိုက်၊ နောက်တစ်ခုထွက်လာလိုက်၊ အုပ်လိုက်ကြီး သွားပြေးကြည့်လိုက်နဲ့ နေရာတကာပွဲဖြစ်နေတာ။ အခုလည်း Adobe က Photoshop မှာ Firefly AI ထည့်လိုက်တာ ကိုယ့်မှာပါးစပ်အဟောင်းသား။ Microsoft ကလည်း သူ့ products တွေ တော်တော်များများကို AI ပေါင်းပြီး revamp ပြန်လုပ်နေပြီ။

ခုချိန်မှာ industry ပေါင်းစုံက professional တွေ စိတ်ထဲ AI နည်းပညာက ငါတို့ကိုများ အစားထိုးတော့မလားဆိုပြီး တွေးပူနေတဲ့အထဲ software developers တွေကလည်း digital artists တွေနဲ့တန်းတူ ထိပ်ဆုံးကပါပဲ။ ဒီဆောင်းပါး မှာတော့ ရေရှည်မှာ ဘာဆက်ဖြစ်နိုင်လဲဆိုတဲ့ ကိုယ့်အမြင်လေး နည်းနည်းရေးချင်ပါတယ်။

AI က အစားထိုးမှာလား

ဒီမေးခွန်းကို လိုရင်းတိုရှင်းဖြေရရင် ဟုတ်တယ်လို့ပဲပြောရမှာပဲ။ လောလောဆယ်မှာတော့ ChatGPT ဆိုတာ software development A to Z မှာမှ အစိတ်အပိုင်းလေးတွေပဲ ကွက်ပြီး မေးလို့ရသေးတယ်။ အဲဒါကိုမှ တလွဲတွေ ဖြေတက်တဲ့အပြင် text based conversation ပဲရသေးတာ။ ပြီးတော့ လက်တွေ့မှာ tech team တစ်ခုလုံးခန့်ထားသလိုမျိုး စိတ်ကြိုက်ခိုင်းလို့မရသေးဘူး။

ChatGPT အခြေပြု Codex တော့ ရှိပါရဲ့၊ ChatGPT ကို coding ပိုင်း training data ပိုထည့်ထားရုံပဲမို့ သိပ်ထူးခြားမနေပြန်ဘူး။ နောင်တစ်ချိန် ပိုကောင်းတဲ့ development oriented AI တွေထုတ်ပြနိုင်ခဲ့ရင်တော့ developer ၁၀ယောက်နဲ့ သွားနေတဲ့ ကုမ္ပဏီက ၅ယောက်လောက်ပဲ လိုလိမ့်မယ်လို့ ခန့်မှန်းမိတယ်။

Company structure အပြောင်းအလဲ

ဒီနေရာမှာ လူလျှော့ခံလိုက်ရတဲ့နေရာတွေက အလုပ်ပြုတ်သွားတာမဟုတ်ဘူး၊ နောက်ထပ် ကုမ္ပဏီအသစ်တွေဆီကို ရောက်သွားမှာ။ နားရှုပ်သွားလားမသိဘူး၊ ထပ်ရှင်းပြပါ့မယ်။ တကယ်တော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် software development cost က minimum wage နဲ့ ယှဥ်ရင် ဈေးများတဲ့ အထဲပါပါတယ်။ Initial development cost ထက် ပိုဆိုးတာက long term maintenance fee ပါ။

Digital adoption က နှစ်တိုင်းတက်နေတဲ့အပြင်ကို AI ကြောင့် project တစ်ခုကို အချိန်တိုတို၊ resource သက်သက်သာသာနဲ့ ထုတ်လို့ရရင် development cost တွေကျပြီး လူတိုင်း လက်လှမ်းမှီလာမယ်လို့ မြင်ပါတယ်။ အဲကျ public demand များလာတဲ့အတွက် software company တွေ အများကြီးပေါ်လာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းပိိုများလာမယ်။ ကုမ္ပဏီတစ်ခုချင်းစီမှာလည်း လူနည်းနည်းပဲထားတော့မယ်လို့ ဆိုလိုချင်တာပါ။

အရင်လို Business ဘက်ကလည်း company အကြီးဖွင့်ပြီး လူအများကြီးခန့်၊ ရုံးနေရာတွေ အကျယ်ကြီးပေး။ Client ဘက်ကလည်း software တစ်ခုရဖို့ ပိုက်ဆံနင့်နေအောင်သုံးရ၊ production deployment ပြီးဖိို့အထိ လနဲ့ချီပြီး အကြာကြီးစောင့်ရ၊ development team နဲ့ deal လုပ်ဖို့ team တစ်ခုဖွဲ့ပြီး resource တွေသုံးရနဲ့ လေးပင်ပြီး သွားနေရာကနေ နောက်ဆို co-working space မှာ လူ ၃ — ၄ ယောက်လောက်နဲ့ company တစ်ခုဖွင့်လို့ရပြီး အစအဆုံးလုပ်လို့ရတဲ့အထိ တော်တော်လေးကို ပေါ့ပေါ့ပါးပါးဖြစ်လာမယ်လို့ မြင်ပါတယ်။

An illustration depicting small and efficient software companies

Position အရွှေ့အပြောင်းတစ်ခု

အဲကျ position အသစ်တစ်ခုပေါ်လာမယ်လို့ ထင်တာပဲ၊ “Development Analyst” ပဲထားပါတော့။ ကိုယ့်ရုံးကလူတွေနဲ့ clients (internal & external stakeholders) တွေနဲ့ တစ်ဖက်က AI ကြားက bridge လေးပေါ့။ ဒီဘက်က requirements & feedbacks တွေယူမယ်၊ ဟိုဘက်ကို prompt လုပ်ပြီး software development လုပ်မယ်၊ ထွက်လာတဲ့ product က quality မှီလား၊ business logics တွေမှန်လား စစ်မယ် စသည်ပေါ့။

Software Engineer ဆိုတဲ့ title က နည်းပညာတစ်ခုကို ကိုယ်တိုင်တည်ဆောက်နေသူတွေ အတွက်ဖြစ်ပြီး Development Analyst ဆိုတာက အဲဒါကို အသုံးချပြီး civic app တွေ ဖန်တီးနေသူတွေအတွက်ဖြစ်လိမ့်မယ်။ ဒီနေရာမှာ သိစေချင်တာက development analyst ဆိုတာ prompter မဟုတ်ပါဘူး၊ လက်ရှိ full stack developer တွေရဲ့ next level upgrade ပါ။

Syntax generating အပိုင်းကို AI က တာဝန်ယူသွားပြီဖြစ်လို့ ခေါင်းသုံးရတဲ့အပိုင်းတွေပဲ လူသားက တာဝန်ယူရတော့မှာပါ။ မြင်သာသွားအောင် Reddit ကနေ ကူးလာတဲ့ comment တစ်ခု ချပြပါရစေ။

“Coding is the only thing that can be replaced, and coding is the easiest part for a software engineer”.

A development analyst with a multitude of thoughts running through his mind

Skill Sets လိုအပ်ချက် အသစ်များ

Developer တွေ ဘက်ကလည်း ငါက language/framework/cms နဲ့ devops tools တွေ ဒီလောက်သိတယ်၊ မင်းရော ဘယ်လောက်သိလဲဆိုတာမျိုးတွေ။ Company ဘက်ကလည်း job offer posting လုပ်တိုင်း ဘာတွေရေးတက်မှ ခန့်မယ်ဆိုတာမျိုးတွေက ရှိတော့မှာမဟုတ်ပဲ skill requirements အသစ်တွေလည်း ထွက်လာမှာပါ။

အတိုချုပ်ပြောရရင်တော့ လက်သုံးရတာနည်းပြီး ခေါင်းနဲ့ ပါးစပ်သုံးရတာပိုများလာမှာပါ။ လက်ဆိုတာက coding ရေးတာနည်းသွားမယ်၊ ပါးစပ်ကတော့ client နဲ့ အချိန်တိုင်း စကားပြောနေရမှာဖြစ်ပြီး ခေါင်းကတော့ critical thinking, domain knowledge, project management, problem solving စသည်ကို ဆိုလိုတာပါ။

သေချာစဥ်းစားကြည့်ရင် full stack developer တွေက ​coding ပိုင်းဖြစ်တဲ့ backend, frontend, mobile, database, devops ကနေ နယ်ပယ်ပိုကျယ်ပြန့်လာပြီး technical lead, software architecture, manual tester, project manager, technical writer စတဲ့ နေရာတွေအထိပါ လိုအပ်ချက်မြင့်လာတဲ့ သဘောပါပဲ။ ဆိုလိုတာကတော့ code ပဲရေးတက်တယ်၊ ကျန်တာဘာမှမသိဘူးဆိုတဲ့သူတွေ၊ ခေါင်းမသုံးပဲ ဟိုကူးဒီကူး လုပ်နေရတဲ့ လူမှန်သမျှ အကုန်ပြုတ်ပါမယ်။

နိဂုံး

ကျွန်တော်ကတော့ ဒီ paradigm အရွေ့အပြောင်းကို အကောင်းမြင်ပါတယ်။ Business တွေက civic tech တွေ ပိုသုံးလာနိုင်ရုံမကပဲ development community တစ်ခုလုံးကလည်း next level ကို upgrade ဖြစ်မှာပါ။

AI က လူသားတွေကို လူသားပိုဆန်စေတယ်လို့ ပြောရင် လွန်မလားပဲ။ လူဖြစ်ရခြင်းရဲ့ အကောင်းဆုံးရလဒ်တွေထဲက တစ်ခုက စဥ်းစားတွေးခေါ်နိုင်တဲ့ ဥာဏ်ပညာရှိတာပါပဲ။ AI သုံးလိုက်တဲ့အတွက် “How to write for loop in golang” ဆိုတဲ့ bullshit တွေ ကင်းဝေးပြီး critical, creative & analytical thinking တွေ အတွက်ပဲ အချိန်သုံးရတော့မှာပါ။

ဟိုးအရင် web designer & developer ဆိုတဲ့ ခေတ်ကနေ ခုလို backend, frontend, full stack, devops, ui/ux ဆိုပြီး အသေးစိတ်ခွဲတဲ့ခေတ်အထိ software development career က အမြဲတမ်းပြောင်းလဲနေပါတယ်။ ရှေ့မှာလည်း trend နဲ့ အညီ evolve မလုပ်နိုင်တဲ့သူတွေ ပြတ်ကျန်ခဲ့သလို အခုလည်း နောက်တစ်ဆင့်ကို evolve လုပ်ဖို့အတွက် အစပျိုးနေပါပြီ။

--

--

Myo Win Thein

A developer sharing experiences with the world, one byte at a time.