ပထမဆုံး ခွဲစိတ်ခန်း အတွေ့အကြုံ

My First Surgery Experience: Reflections on a Life-Changing Medical Journey

Myo Win Thein
3 min readMar 2, 2022

နိဒါန်း

ဝမ်းသွားတိုင်း Anus ပတ်ပတ်လည် နာနေတာကနေ ဇတ်လမ်းစတာပါ။ အဲရက်ပိုင်းကလည်း အိမ်သာသွားတာများလို့ တစ်ခုခုဒဏ်ဖြစ်သွားတာ၊ အချိန်တန်ရင်ပျောက်သွားမယ်လို့ပဲ ထင်ခဲ့ပါတယ်။ ၄ရက်လောက်ထိ မသက်သာလို့ စမ်းကြည့်မှ တင်ပါးအထဲဘက်မှာ အကျိတ်လိုမျိုးတွေ စမ်းမိတာပဲ။ ထူးဆန်းတာက ပုံမှန်လို အခဲအလုံးလေးမဟုတ်ပဲ လမ်းကြောင်းလေးလိုဖြစ်နေတာပါ။

ကိုယ့်အဒေါ်သူနာပြအုပ်ကိုမေးကြည့်တော့ အဲဒါ ဂရင်ဂျီနာ (Anal Fistula) ဖြစ်ဖို့ စနေတာလို့ သိရတယ်။ ဆေးနဲ့ကုလည်းပျောက်တက်ပေမယ့် များသောအားဖြင့် ခွဲလိုက်မှအရှင်းပျောက်တယ်ဆိုတာလည်း သေချာပြောသွားတယ်။ သောက်ရမယ့်ဆေးလည်း ညွှန်းပေးလိုက်တယ်။

မိမိရဲ့ ပထမဆုံးအမှား

အမှန်ဆို ရောဂါသိသိခြင်း ဆေးခန်းသွားပြသင့်တာပါ။ ဒါပေမယ့် ပုံမှန်သွားလာလို့ရနေသေးတော့ ဒီလိုပဲပေါ့ဆပြီးနေမိတယ်။ စဖြစ်ပြီး ၂ပတ်ကျော်တဲ့အချိန် တစ်ချိန်လုံးနာနေပြီး အထဲမှာလည်း ပိုဖောင်းလာတော့မှ မဖြစ်တော့ဘူးဟဆိုပြီး ခွဲစိတ်ဆရာဝန်ဆီပြေးတော့တာပဲ။

အမှန်ဆို စောစီးသွားပြလိုက်ရင် ဆေးလောက်နဲ့တင်ပျောက်သွားနိုင်တယ်၊ ခွဲရမယ်ဆိုတောင် အခုလောက်ဆိုးမှာမဟုတ်ဘူး။ ခန္ဓာကိုယ်မှာ Bug တစ်ခုခုဖြစ်နေလို့ Signal ပြပြီဆိုရင် စောစီးရှင်းထုတ်ရမယ်ဆိုတာ သင်ခန်းစာရတာပဲ။

မိမိရဲ့ ဒုတိယအမှား

ဆရာဝန်က သောက်ဆေးနဲ့အရင်ကုတယ်။ ကိုယ်တိုင်လည်း အစားအသောက် အနေအထိုင်ဆင်ခြင်သလို ဆေးနဲ့လည်းတည့်တော့ အဖုကသေးသွားပြီး လုံးဝမနာတော့တဲ့ အခြေအနေထိပြန်ရောက်သွားတယ်။ စိတ်ထဲမှာလည်း ငါရောဂါပျောက်ပြီပေါ့။ ဒါပေမယ့် အထဲကလမ်းကြောင်းလေးကတော့ ရှိတုန်းပဲ၊ အဲဒါကိုတော့ သိပ်ဘဝင်မကျဘူး။ “ခွဲလိုက်မှအရှင်းပျောက်တယ်” ဆိုတဲ့ ကိုယ့်အဒေါ်စကားကိုပဲ ပြန်ကြားမိနေတာပဲ။

ဆရာဝန်ကတော့ သူဆေးထပ်မပေးတော့ဘူး၊ နောက်တစ်ပတ်နေလို့မှ မပျောက်ဘူးဆိုရင် ခွဲထုတ်လိုက်တာ အကောင်းဆုံးပဲလို့ အကြံပေးတယ်။ ကိုယ်တိုင်လည်း အလုပ်ရှုပ်နေလို့ သူနဲ့ထပ်မပြဖြစ်ဘူး၊ နေလို့လည်းရနေတော့လေ။

ဇတ်လမ်းစပါပြီ

၃ပတ်လောက်ကြာပြီးတော့ အနာကပြန်ဖောင်းလာတယ်။ အရင်တစ်ခေါက်ထပ်လည်း ပိုကြီးသလို ဖြစ်နှုန်းကလည်း တော်တော်မြန်တယ်။ ရက်ပိုင်းနဲ့ပဲ တင်ပါးတစ်ခြမ်းလုံးရောင်ကိုင်းပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့အထိ ဖြစ်သွားတယ်။ အဲတာနဲ့ ဆရာဝန်နဲ့ချက်ခြင်းပြပြီး သန်ဘက်ခါကို ခွဲဖို့အထိ အမြန်ပြင်ရတယ်။

အဲဒိနေ့မှာပဲ သွေးစစ်ပြီး ECG ရိုက်ရတယ်။ အားလုံးအိုကေတယ်ဆိုတော့ အခန်းဘိုကင်လုပ်ပြီး ခွဲမယ့်ရက်နဲ့အချိန်ကို Confirm တစ်ခါတည်းလုပ်လိုက်တယ်။ တကယ်တော့ကြားထဲမှာပဲ ခွဲထုတ်လိုက်ရင် အနာသေးသေးနဲ့ပဲပြီးသွားမှာ၊ အတိတ်ကကိုယ်က ကြောက်လို့ပတ်ရှောင်နေတော့ အနာဂတ်က ကိုယ်က တော်တော်ခံရမှန်း သင်ခန်းစာထပ်ရတာပဲ။

ခွဲစိတ်တဲ့နေ့

ည၃နာရီခွဲမှာ ခွဲစိတ်ဖို့ချိန်းထားတယ်၊ ဒါပေမယ့် အိပ်ရာနိုးကတည်းက တော်တော်ကြောက်နေမိတယ်။ ဆေးခန်းရောက်တော့ အောက်ပိုင်းကို shaving လုပ်ရတယ်။ ဆေးသွင်းဖို့ လက်မှာ ပိုက်ပါတဲ့အပ် တစ်ခါတည်း တပ်ပေးတယ်။ အနာဆုံးကတော့ ပိုးသတ်ဆေးစမ်းတာပဲ၊ သွေးကြောထဲ စူးကနဲကိုဖြစ်သွားတာ။ ပြီးတော့ခွဲခန်းထဲမဝင်ခင်အထိ ပုလင်းပေါင်းစုံ လာချိတ်တော့တာပဲ။

နာရီဝက်အလို

ဆေးခန်း Policy အရ မခွဲခင် နာရီဝက်အလိုမှာ ခွဲခန်းအပြင်ကြိုရောက်နေရတယ်။ ဘဝမှာ စိတ်အလှုပ်ရှားဆုံး နာရီဝက်ပါ၊ ကြောက်လို့ သီချင်းတွေတောင် ဆိုနေမိတာပဲ။ အမှန်က ကိုယ့် operation က ဆေးပညာအရဆိုရင် ပါမွှားလေးပါ၊ အသက်အန္တရယ်ဆိုတာ 0% chance ပဲ။ ဒါပေမယ့် ပထမဆုံးဆိုတော့ ကြောက်ပြီး စိတ်ထဲမှာ အများကြီးတွေးနေမိတယ်။

တကယ်လို့ ငါသာနှလုံးခွဲစိတ်ရမယ့် လူနာဖြစ်နေရင်ရောပေါ့၊ ဒီမျက်နှာကျက်ကိုမြင်နေတာ နောက်ဆုံးဖြစ်သွားနိုင်တယ်၊ ခွဲရင်းနဲ့သေသွားရင်တောင် သိမှာမဟုတ်ဘူးပေါ့။ ပြီးတော့ ကိုယ်အသက်ရှင်နေတုန်းလေးမှာ ကောင်းကောင်းပဲနေသွားချင်တဲ့ စိတ်တွေဖြစ်လာတယ်။ ငါဘယ်သူ့ကိုမှလည်း မမုန်းချင်၊ ဒေါသလည်းမထွက်ချင်ဘူး၊ ဒါကြီးက အဓိပ္ပါယ်လည်းမရှိဘူး။ အသက်ရှင်နေတုန်းလေး သူများတွေကို ကူညီပြီးနေသွားချင်တယ်လို့ တွေးနေမိတာပဲ။

Yeah, it’s me!

ခွဲခန်းထဲရောက်ပြီ

စိတ်ထဲမှာထင်နေမိတာက ခွဲခန်းထဲမှာ နာကျင်ပြီးလူးလှိမ့်နေမှာကိုပါ။ ခွဲပြီးသွားရင် လူက ဟင်းချပြီး အရင်လိုဒေါင်ဒေါင်မြည်သွားမယ်ပေါ့။ တကယ်ကြုံမှ “မခွဲခင်-ခွဲစိတ်-ခွဲပြီး” မှာ ဒီအဆင့်က ဝေဒနာ မခံရဆုံးပဲလို့ သိသွားတာပဲ။ Operation က ၄၅မိနစ်ကြာတယ်၊ အဲမှာ ၁၅မိနစ်လောက်က ထုံဆေးထိုးပြီး ပြင်ဆင်တာ၊ မိနစ် ၃၀ပဲ တကယ်ခွဲတာ။

ခါးရိုးဆစ်ထုံဆေးထိုးပြီး မိနစ်ပိုင်းနဲ့ အောက်ပိုင်းတစ်ခုလုံး လှုပ်မရတော့ဘူး၊ ဘာအထိအတွေ့မှလည်း မရှိဘူး၊ ဒါပေမယ့် ကိုယ့်ကိုခွဲစိတ်နေမှန်းတော့ အကြောလေးတွေကနေ တစ်ချက်တစ်ချက် ကျင်သလိုခံစားရတယ်။ စိတ်ထဲမှာတော့ Family Guy ထဲက Joe Swanson ကြီးတန်းမြင်မိတာပဲ၊ သြော်…အောက်ပိုင်းသေတယ်ဆိုတာ ဒါမျိုးပါလားပေါ့။ ခွဲခန်း Set Up ကတော့ ရုပ်ရှင်ထဲကအတိုင်းပဲ၊ အပေါ်မှာ မီးဆိုင်းနှစ်ခုနဲ့ ဘေးမှာစက်ပေါင်းစုံ တတီတီနဲ့။

my view in the operating theatre the whole time

ခါးရိုးစစ်ထုံဆေးက နာတယ်လို့နာမည်ကြီးတော့ ကြောက်နေတာ၊ ကလေးမွေးရင်လည်း အဲတာပဲထိုးရတယ် ကြားဖူးတယ်။ တကယ်တမ်းကြုံရတော့ ပုံမှန်အပ်ထိုးသလောက်ပဲ။ ပုဇွန်တုပ်လိုကွေးခိုင်းပြီး ကျောရိုးရဲ့ဘေးနားလေးကို ထိုးတာ။ ဆေးထိုးပြီးတော့ လူကမှိန်းပြီးအိပ်ချင်လာတာပဲ သိတယ်။

ထုံဆေးပြီးတာနဲ့ “ကဲ..ကိုမျိုးဝင်းသိန်းရေ၊ ကျွန်တော်စခွဲတော့မယ်နော်လို့” ပြောသံကိုနားစွင့်နေမိတာပဲ။ ဓါးနဲ့ ဇွတ်ကနဲလှီးချလိုက်မယ့်အချိန်ကို တော်တော်လန့်နေတာ။ နောက်တော့ ကုတင်အောက်နားက ဘာကိစ္စ လှုပ်စိလှုပ်စိဖြစ်နေလဲလို့ အာရုံစိုက်မိမှ ကိုယ့်ကိုခွဲနေပြီမှန်း သိတာပဲ။

မီးဆိုင်းကနေမြင်ရမလားကြည့်သေးတယ်၊ မရဘူး။ လက်အိတ်မြှောက်လိုက်ရင်တော့ သွေးနဲ့ Betadine ဆေး ပေနေတာတွေ တွေ့တယ်။ ကတ်ကြေးညှပ်သံတွေရော တစ်ဖောက်ဖောက်မြည်တဲ့စက်နဲ့ လိုက်တို့နေတာရော အကုန်ကြားတယ်၊ ဒါပေမယ့် Operation ပြီးတဲ့အထိကို ဘာဝေဒနာမှ မခံစားလိုက်ရဘူး။

နောက်တွန်းလှည်းနဲ့ အပြင်ထုတ်သွားတော့ မျက်စိမှိတ်ထားနော်လို့ သတိပေးတဲ့ကြားက ရုပ်ရှင်ထဲကလိုဖွင့်ပြီးလိုက်သွားရင် ဘာဖြစ်မလဲဆိုပြီး လျှာရှည်တာ မူးပြီးထိုးအန်တော့တာပဲ။

ခွဲစိတ်အပြီး

ခွဲပြီးပေမယ့် လူနာခန်းသွားမရသေးဘူး၊ ထုံဆေးပြယ်တဲ့အထိ ခွဲခန်းအပြင်မှာပဲ ၆နာရီစောင့်ရတယ်။ အဲမှာလည်း ပုလင်းပေါင်းစုံလာချိတ်နေတာပဲ။ ပထမတစ်နာရီလောက်က တစ်ကိုယ်လုံးခြမ်းပြီး တုန်နေတယ်၊ နောက်တော့ ပုံမှန်အပူချိန်ပြန်ဖြစ်တယ်၊ ခြေထောက်တွေလည်း တဖြည်းဖြည်း ပြန်လှုပ်လို့ရလာတယ်။ ထုံဆေးပြယ်သွားပေမယ့် အကိုက်အခဲပျောက်ဆေးတောက်လျှောက်ထိုးပေးတော့ ဘာဝေဒနာမှမခံစားရဘူး။

Surgery တစ်ခုလုပ်ပြီဟေ့ဆိုရင် ဝေဒနာအခံရဆုံးအပိုင်းက မလုပ်ခင်ဖြစ်ပြီး၊ စိတ်အရှုပ်ရဆုံးက လုပ်ပြီးနောက်ပိုင်းပါ။ လူတွေအကြောက်ဆုံးဖြစ်တဲ့ ခွဲစိတ်နေချိန်က အသက်သာဆုံးပဲဆိုတာ အဲတော့မှ အတွေ့အကြုံရတာပဲ။ ဒါမှန်းသိ စဖြစ်ထဲက ခွဲလိုက်ပါတယ်ဟဆိုပြီး နောင်တရလည်းရတယ်။

အစားအသောက် အနေအထိုင်ဆင်ခြင်ရတာတွေ၊ အနာကို သန့်ရှင်းအောင်ထားပြီး ဆေးတစ်ချိန်လုံး ထည့်နေရတာတွေ၊ အရင်လို အားထည့်ပြီး အလုပ်မလုပ်နိုင်တာ၊ အဝတ်အစားနဲ့ပွတ်မိပြီး စပ်တာ၊ စိတ်သွားတိုင်း ကိုယ်မပါတာ၊ အနာကျက်ပြီး ပိုသေအောင် ဆားရည်ထိုင်ပေးရတာ စသည် စိတ်ကသိကအောက် တော်တော်ဖြစ်တယ်။ ခုချိန်သာစစ်ပြေးရရင် ငါကျန်ခဲ့မလား မသိဘူးတောင် တွေးမိတာပဲ။

သေချာအတွေ့အကြုံရလိုက်တာကတော့ ရောဂါလက္ခဏာပြရင် နုနေတုန်းရှင်းထုတ်ဖို့ရယ်၊ ခွဲခန်းဝင်ရတာ ထုံဆေးနဲ့ဆို ကြောက်ဖို့မကောင်းဘူးဆိုတာရယ်ပဲ။

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

Myo Win Thein
Myo Win Thein

Written by Myo Win Thein

A developer sharing experiences with the world, one byte at a time.

No responses yet

Write a response