Retro Gamer ဘဝများ အမှတ်တရ
From Pixels to Memories: A Glimpse into Myanmar’s Gaming History
Intro
နောက်ပိုင်း game live streaming platform တွေ ခေတ်စားလာတော့ စိတ်ထဲပြုံးမိတာရှိတယ်။ ငါတို့ငယ်ငယ်က ဂိမ်းဆော့ပြီဆို အနောက်မှာ ကလေးကနေ လူလတ်ပိုင်းထိအရွယ်ပေါင်းစုံ ဝိုင်းအုံကြည့်သလိုပဲပေါ့ဆိုပြီး။ အနားကလူတွေကိုပါ entertaining လုပ်နိုင်တဲ့ gamer တွေဆို လူတွေက ရုပ်နဲ့ နာမည်နဲ့ပါတွဲပြီး မှတ်မိနေကြတာပါ။ ဆိုင်ထဲသူတို့ဝင်လာပြီဆို အကုန်လုံး လှုပ်လှုပ်ရွရွပါပဲ။
The Beginning of My Gaming Journey
အဲတုန်းက ရပ်ကွက်အခေါ် Family Game (Nitendo Famicom China Clone) ကို SuperOne ကနေ သွားဝယ်ပြီး ဆော့တာပဲ။ “99 in 1”, “150 in 1” ဂိမ်းအခွေတွေဆိုတာ ငါတို့ 90s Kid တွေရဲ့ဘဝမှာ ပထမဆုံး လူလိမ်ခံရတဲ့ ကိစ္စတွေပေါ့။ အဲတုန်းက Golden Rule က ဂိမ်းခွေတစ်ခုက ဂိမ်းနည်းလေ ဆော့လို့ကောင်းလေပဲ။ ဂိမ်း ၈ မျိုးထက်ကျော်ပြီဆို ချာတူးလန်းတာများတယ်။
ဘဲပစ်ဂိမ်းကတော့ 80% လွဲတာများတယ်၊ စောက်မြင်ကပ်လာရင် တီဗီနားတေ့ပြီး ပစ်တာပဲ။ Mortal Kombat ဆော့ရင် တစ်ပတ်ကို စက်မှာအက်ကြောင်းတစ်ခု အသာလေးထတယ်။ သူ့ bots တွေက နိုင်ဖို့ခက်တော့ ဆော့ရင်း console တွေ ဒေါသနဲ့ဆောင့်ချတာ။
အဲတုန်းက ည၈နာရီဆို တရုတ်ကားပြီးပြီ၊ ကိုယ်တွေကဆော့ဖို့ standby စောင့်နေတာ။ ပြီးတော့ ၇ခွဲကြော်ငြာဝင််ချိန်လည်း အတင်းဝင်ဆော့၊ AV ပြန်ပြောင်းလို့ ဇတ်လမ်းတွဲလာနေပြီဆို အအော်ခံရ။ မှတ်မှတ်ရရဆို တီဗီက ဖြူနီဝါ (RCA cables) ကို ဂိမ်းစက်ထဲမထည့်ပဲ ဘာဖြစ်မလဲသိချင်လို့ ပလပ်ပေါက်ထဲသွားထည့်လိုက်တာ တီဗီပျက်သွားတယ်။ အဲတုန်းက Electronic ဆိုတာ ဈေးကြီးပြီး ရှားပါးတဲ့ခေတ်ဆိုတော့ တစ်ညလုံး အဆဲခံရတာ၊ တီဗီပြင်ပြီးတောင် တစ်ပတ်လောက်ထိ ဂိမ်းစက်ပြန်မကိုင်ရဲဘူး။
Brick Gaming Console
Game boy ကို နမူနာပြီး Tetris clone ထည့်ထားတဲ့ လက်ကိုင်ဂိမ်းတွေ။ အဲကောင်တွေက ဈေးကြီးပြီး ခလုတ်ခဏခဏပျက်လို့ ငါတော့သိပ်မကြိုက်ဘူး၊ အိမ်ကနေ ဓါတ်ခဲဖိုးတောင်းတိုင်း နင်ဆော့လှချည်လားဆိုပြီး အပြောခံရတာကြောင့်လည်းပါတယ်။ Snake, Tertis, Tank နဲ့ ကားပြိုင်တဲ့ဟာလောက်ကလွဲရင် ကျန်တာသိပ်ဆော့လို့ မကောင်းဘူး။
တစ်ချို့ဇ ရှိတဲ့ကောင်တွေကတော့ ကျောင်းကို အဲစက်တွေယူလာတာပဲ။ ယူလာတိုင်းလဲ လူဝိုင်းအုံပြီးပွဲဖြစ်လို့ အမြဲတမ်း အတိုင်ခံ အရိုက်ခံရတာပဲ။ ဆရာမတွေက စက်ကိုသိမ်းပြီးရင် ကျောင်းဆင်းမှပြန်ပေးတာ၊ တစ်နေ့လုံးဘူပြီး စောင့်ပေတော့ပဲ။
Nintendo Entertainment System (NES Game)
အဲဟာက မြန်မာပြည်မှာ သိပ်ခေတ်မစားလိုက်ဘူး။ ဈေးအရမ်းကြီးပြီးရှားလို့ မိဘတွေကလည်း မဝယ်ပေးနိုင်ဘူ။ ပြီးတော့ NES တွေက ကလေးဂိမ်းတွေများတယ်။ သူ့ target audiance ကလည်း မိဘထိန်းချုပ်မှုတင်းကြပ်တဲ့ ခေတ်ကြီးမှာ မုန့်ဖိုးမစို့မပို့ရတဲ့ကောင်တွေ ဆိုတော့ လာမဆော့နိုင်ကြဘူး။
ငါတို့မြို့နယ်မှာတော့ တစ်ဆိုင်ရှိတယ်၊ တစ်နာရီ ၅၀လားမသိဘူး။ တစ်ခါသွားဆော့ပြီးရင် တစ်ပတ်လောက်ငတ်ရော။ နောက်ပိုင်းတော့ ရပ်ကွက်ထဲအရမ်းဝင်ရတဲ့အပြင် ဂိမ်းဆိုင်မှာ bully တစ်ဖွဲ့ရှိတယ်။ ကိုယ်တွေဆော့နေတုန်း စက်လာလာပိတ်တာရယ် ဆိုင်ရှင်အန်တီကြီးကလည်း သိပ် action မယူတာနဲ့ မသွားဖြစ်တော့ဘူး။ Family Game ဆော့ရတဲ့ အရသာနဲ့ တစ်ခြားစီပဲ၊ တော်တော်မိုက်တာ။
The Shift Away from Street Play
ငါ့ငယ်ဘဝမှာ ရန်ကုန်က ကလေးတွေလမ်းပေါ်တက်ဆော့တဲ့ ခေတ်ကြီးရဲ့ အဆုံးသတ်နဲ့ Gaming ခေတ်ဦးပိုင်း အပြောင်းအလဲကာလကို မြင်ခဲ့ရတယ်။ PS1 တွေမပေါ်ခင်ကဆို တစ်နေကုန် family game ဆော့တယ်။ ညနေခင်း နေရိပ်ပြီဆို ရပ်ကွက်ထဲဆင်းဆော့တာပဲ။
ကစားနည်းတွေကလည်း သူ့ရာသီနဲ့သူရှိတယ်။ ဂျင်ပေါက်ရာသီဆို စတိုးဆိုင်တွေရှေ့မှာ ပုံးနဲ့ထုတ်ထားတာ၊ ကြိုက်တာရွေးစမ်းပဲ။ တစ်ခါရွေး နာရီဝက်အနည်းဆုံးကြာတယ်၊ ပြီးတာနဲ့ အိမ်ပြန်ပြေးပြီး ဓါးသွေးကျောက်ပေါ်မှာ သံချောင်းကို ထက်နေအောင်သွေးတာ။ ပြီးတော့ ကြက်တောင်၊ စိန်ပြေးလိုက်တမ်း၊ ဘောလုံးနဲ့ လေသေနတ်ပစ်ရာသီလည်းရှိတယ်။
အဲတုန်းကတော့ ရပ်ကွက်ထဲမှာ ဘယ်သူဘယ်အိမ်ဆိုပြီး သူတို့မိဘတွေနဲ့ပါ သိနေကြတာပဲ၊ ကစားချိန်မလာဘူးဆို အိမ်ထိသွားခေါ်ကြတယ်။ တစ်ချို့ကလေးတွေကျ အိမ်မပိုင်ဘူး၊ သွားခေါ်ပြီဆို သူတို့မိဘတွေက ငါတို့ကို အော်ထုတ်ပစ်တာ။ အဲကျလည်း blacklist လုပ်လိုက်တာပဲ၊ နောက်မသွားတော့ဘူး။
ပြီးတော့ သီတင်းကျွတ်ဆို ဗြောက်အိုးမီးရှို့ပြီး၊ ယမ်းသေနတ်တွေနဲ့ ဟိုဘက်ဒီဘက် စစ်တိုက်ကြ။ ငါအပျော်ဆုံးကတော့ ကြိုးဆွဲဗြောက်အိုးတွေကို အိမ်တံခါးမှာ လိုက်ချည်တာပဲ။ ပြီးရင် အိမ်နားရစ်သီရစ်သီလုပ်ပြီးချောင်း၊ တစ်ယောက်ယောက်လာဖွင့်လို့ ထပေါက်ပြီဆိုလန့်ပြီးအော်၊ တစ်ချို့လည်း “စောက်ကလေးတွေ…” ဆိုပြီးထဆဲ။ ငါတို့လည်းရယ်ပြီးပြေး။
The Rise of Play Station 1
ဒါကတော့ မြန်မာပြည်ရဲ့ Gaming Culture ကို အစပြုခဲ့တဲ့ console လို့ပြောလို့ရတယ်။ ငါထင်တာတော့ စီးပွားရေးသမား တစ်ယောက်ယောက် ဒါမှမဟုတ် ဂျပန်မှာအလုပ်လုပ်နေတဲ့သူတွေကများ ဂိမ်းစက်အဟောင်းတွေ သယ်လာလား မသိဘူး၊ ရပ်ကွက်ထဲမှာ ဟိုတစ်စ ဒီတစ်စ ပေါ်လာတာပဲ။ ဂိမ်းပိုစတာတွေအပြည့်ကပ်ထားတဲ့ နံရံတွေ၊ CRT တီဗီအလုံးကြီးတွေ၊ သစ်သားတီဗီစင်တွေနဲ့ အရောင်စုံပလပ်စတစ်ထိုင်ခုံတွေက အဲဆိုင်တွေရဲ့ signature ပဲ။
PS1 က ပိုက်ဆံအတန်အသင့်သုံးနိုင်တဲ့ လူငယ် လူလတ်ပိုင်းတွေ ကြိုက်တဲ့ဂိမ်းပုံစံတွေများတဲ့အပြင် family game ဆော့ပြီးကြီးလာတဲ့ ငါတို့ကလေးအုပ်စုကလည်း သူတို့ဆော့သမျှအကုန် အပြိုင်လိုက်ဆော့နိုင်တယ်။ ပြီးတော့ အရင်ထက် မုန့်ဖိုးလည်းရပြီး ပိုလွတ်လပ်လာတော့ အရွယ်စုံဆိုက်ဒ်စုံရဲ့ attention ရပြီး အောင်မြင်တယ်လို့ မြင်တာပဲ။
ခုခေတ် ဘားမှာလူစည်သလို ဂိမ်းဆိုင်တွေဆိုတာက ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းလူအပြည့်။ ရပ်ကွက်ထဲမှာဆိုတော့ ဖြတ်သွားဖြတ်လာ ဈေးသည်တွေလည်းများတယ်။ ကိုယ်ကြိုက်တဲ့ဈေးသည်လာရင် လှမ်းခေါ်လိုက်ရုံပဲ၊ မဟုတ်လည်း သူများခေါ်ရင် ဘာမုန့်တွေရလဲသွားစပ်စု။ ကိုယ့်ဆီရေလျှံတဲ့နေ့တွေဆို ဂိမ်းဆိုင်ကပြုတ်ပေးတဲ့ ယမ်ယမ်ချဥ်စပ်နဲ့ စတားကိုလာဆိုတာ လောကစည်းစိမ်ပဲ။
ဆိုင်ကဘဲကြီးတွေဆို ပိုက်ဆံကြေး ဘောလုံးကန်တယ်။ Red Alert နဲ့ KKND 2 တိုက်တယ်၊ Pro Skater မှာ အမှတ်ပြိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညနေစောင်းဆိုရင်တော့ ဆိုင်ရှေ့မှာ ဘောလုံးထွက်ကန်ကြပြီ။ ငါလည်းတစ်ခါဂိုးဝင်ဖမ်းလိုက်သေးတယ်၊ ကလေးဆိုတော့ ညှာနေရတယ်ဆိုပြီး complain တက်ကြလို့ နောက်မပါရတော့ဘူး။ ဂိမ်းဆော့ဖို့ ပိုက်ဆံမရှိတဲ့နေ့ဆို သူတို့ကန်တာပဲကြည့်နေရတာပဲ။
Life’s Gaming Experiences
ကျောင်းပိတ်ရက်ဆို ၇နာရီဆိုတာနဲ့ ဂိမ်းဆိုင်ရောက်၊ ၁၂နာရီထိ ဆော့ပြီးရင်အိမ်ပြန်တယ်။ ပြီးရင် ၃ခွဲလောက်တစ်ခါပြန်လာပြီး ၆ခွဲလောက်ပြန်တယ်။ ဂိမ်မာတွေကလည်း အရက်သမားတွေလိုပဲ၊ ဆိုင်အစွဲရှိတယ်။ ကိုယ်ဆော့နေကျဆိုင်မဟုတ်ရင် စိတ်ထဲမလုံခြုံဘူး၊ မပျော်ဘူး။ ဂိမ်းဆိုင်ဆိုပေမယ့် တကယ်က ရပ်ကွက်လေးတစ်ခုလိုဖြစ်နေတာ၊ အထဲကို လူစိမ်းဝင်တာနဲ့ တန်းသိတယ်။
ယောကျ်ားလေးတွေစုနေတဲ့နေရာဆိုတော့ ပြဿနာတက်ကြတာတွေလည်း ရှိတယ်။ ကလေးတွေ ဂိမ်းဆော့ရင်း ရန်ဖြစ်ကြတာကနေ ဘဲကြီးတွေ လူမှုရေးကိစ္စနဲ့ အချင်းချင်း အော်ကြဟစ်ကြတာမျိုးပေါ့။ တစ်ခါတော့ ငါ့ညီဝမ်းကွဲတစ်ယောက် ပိုက်ဆံအိတ်အနှိုက်ခံရတယ်၊ ဆိုင်ကလူတွေပဲဲ လိုက်ရှာပြီးဖမ်းပေးလို့ ပြန်ရတယ်။
မှတ်မှတ်ရရတော့ ဆိုင်မှာ ငါ့ Memory Card လေးဖြုတ်ဖို့မေ့သွားတာ အဲစက်ကိုဝင်ဆော့တဲ့ကောင်က အိမ်ယူသွားတယ်။ အရင်အပိုဒ်တွေမှာပြောခဲ့သလို ဂိမ်းဆိုင်ဆိုတာ ရပ်ကွက်လေးလိုဖြစ်နေတော့ ဘယ်သူယူသွားတယ်၊ အိမ်ကဘယ်နားမှာလဲ အကုန်ထွက်လာရော။ နောက်၂ပတ်အကြာ အဲလူပြန်လာတော့ ဆိုင်ရှင်ကိုယ်တိုင် တံခါးတွေပိတ်ပြီး မေးမြန်း၊ နောက် သွေးထွက်တဲ့အထိ နားရင်းတွေပိတ်ရိုက်တာ ခုထိမေ့မရဘူး။ ဘေးကကြည့်နေတဲ့ငါပါ မျက်လုံးတွေပြာသွားတဲ့အထိပဲ။
The Unexpected Guest :: Play Station 2
တစ်ရက်တော့ဆိုင်မှာ အဲကွန်းခန်းလေး ဆောက်နေတယ်၊ ဘာလုပ်ဖို့လဲမေးတော့ မပြောဘူး။ ပြီးမှသိရတာ PS 2 ဆိုတဲ့ ဂိမ်းစက်အသစ်ဝင်တယ်ပေါ့၊ Graphic တွေအရမ်းလှသလို ဆော့ရတာလည်း အများကြီးခက်တယ်ပြောတယ်။ ပိုက်ဆံရှိတိုင်လည်းဆော့မရဘူး၊ ဘိုကင်အရင်တင်ရတယ်။ ပြီးတော့ဘယ်သူ့ကိုမှလည်း ပေးမဝင်တော့ အဲအခန်းလေးက ငါ့အတွက် Mystery Box လိုပဲ။
PS2 Graphic ကို စတွေ့လိုက်ရတဲ့ အခိုက်အတန့်လေးကို ခုထိအမှတ်ရတယ်။ 8, 16, 32 bits ဂိမ်းတွေနဲ့ ကြီးလာတဲ့ကောင်ဆိုတော့ ကြမ်းထော်နေတဲ့ Graphic တွေပဲမြင်ဖူးတဲ့အပြင် အဲမှာဆော့နေတာက Final Fantasy X ဆိုတော့ လုံးဝကို ကြက်သေ သေသွားတာ။ စပေါ်ကာစ ဈေးအရမ်းကြီးတော့ မဆော့နိုင်ဘူး၊ PS1 တွေနေရာကို အစားထိုးပြီး ပုံမှန်ဈေးဖြစ်ဖို့ကို နှစ်နဲ့ချီစောင့်လိုက်ရတယ်။
ဆိုင်မှာက စောင့်ထိန်းရမယ့် စည်းတစ်ခုတော့ရှိတယ်။ Memory Card ထဲ Save မှတ်တဲ့အခါ သူများအကွက်တွေ မသုံးဖို့ပဲ။ ဂိမ်းဆိုင်က လူရင်းတွေလောက်ပဲ ကတ်ထုတ်ပေးတော့ လာနေကြသူဆို ဘယ်သူဘာဂိမ်းဆော့ပြီး ဘယ်ကတ်မှာမှတ်လဲဆိုတာတော့ သိကြတယ်။ ဆိုင်မှာတော့ လူပေါင်းစုံပါပဲ၊ ၂ယောက်တူတူဆော့ရအောင်ဆိုပြီး Controller ကောက်ကိုင်တဲ့ ဂုန်းဆင်းတွေ၊ ကိုယ်ဆော့နေတုန်း နောက်ကနေ instruction ထိုင်ပေးနေတဲ့ ဆရာကြီးတွေ၊ အချိန်ပြည့်သွားတိုင်း ၁၅မိနစ်အပိုတောင်းတဲ့သူတွေ၊ စက်လွတ်သွားတိုင်း ဘယ်သူအရင်ရောက်လဲပြိုင်ငြင်းကြတာတွေ အစုံပါပဲ။
ပြီးတော့ ဆိုင်မှာ ဂိမ်းတွေရဲ့ cheat codes သိတဲ့သူဆိုတာ အရမ်းရှားတယ်။ အဲတာတွေသိဖို့က အဲဲလူတွေနဲ့ အကြာကြီးပေါင်းပြီး ရင်းနှီးမှုယူ (ဒါတောင်တစ်ကွက်လောက်ပဲ ပြောတာ) ဒါမှမဟုတ် သူတို့နှိပ်နေတုန်း လက်ကွက်မှတ်၊ ကိုယ်တိုင်စမ်းသပ်ဖော်ထုတ်။
ပြောရရင် PS2 ကို သိပ်မဆော့ဖြစ်လိုက်ဘူး။ ဘာလို့ဆို အဲတာပေါ်ပြီး သိပ်မကြာခင်မှာပဲ မြန်မာပြည် Esports လောကရဲ့ ရှေးဦးဒိုင်နိုဆောခေတ်ရောက်လာလို့ပဲ။
A New Way of Playing Games
Keyboard နဲ့ Mouse ဆိုတာ ဂိမ်းဆော့ဖို့သုံးရမယ့်အရာလို့ ဘဝမှာ တစ်ခါမှမတွေးဖူးဘူး။ PS2 နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ PC Game တွေပေါ်လာတယ်၊ ဂိမ်းကလည်း တစ်မျိုးပဲရှိတယ်၊ Counter Strike 1.6 တဲ့။ တစ်သက်လုံး Controller ကိုင်လာတဲ့ ဒီလက်တွေက Mouse စကိုင်တော့ ကတုန်ကရင်ဖြစ်နေတယ်။
ငါစဆော့တော့ အခန်းထဲမှာ ငါရယ် ဆိုင်ကဝန်ထမ်းကောင်လေးရယ် ၂ယောက်ပဲရှိတယ်။ အများစုက အပေါက်ဝကနေချောင်းပြီး ပြန်လှည့်သွားကြတာများတယ်။ PS2 ရောက်နေတဲ့အပြင် အားလုံးစိတ်ထဲ ဒီစက်ကြီးကို အထူးအဆန်းဖြစ်နေတာ။ ငါတောင် ဟိုဘဲလေး သူဆော့ချင်တာနဲ့ အတင်းခေါ်လို့ အင်းအဲလုပ်ပြီး ပါသွားတာ။ အဲဘဲလေးက ငါ့မော်နီတာကို ချောင်းကြည့်ပြီး လိုက်ပစ်တယ်၊ ပြီးရင် တဟားဟားရယ်တယ်။ အဲမှာငါလည်းတင်းပြီး ဒင်းကိုပြန်ချမယ်ဆိုပြီး နေ့တိုင်းဆော့တာပဲ။
ဆော့နေရင်းနဲ့ပဲ အခန်းထဲမှာ လူများလာတယ်။ ငါလည်း Console ဘက် မလှည့်တော့သလို Console ကလူတွေကလည်း ကွန်ပြူတာအခန်းထဲ ယောင်လို့တောင်မလာဘူး။ အဲဒိမှာ PC နဲ့ Console gamer ဆိုပြီး လိုင်း၂ခု စကွဲတာပဲ။ နောက်တော့ PC only cyber cafe တွေ အများကြီးပေါ်လာတယ်။ GTA Vice City, Age of Empires II, SimCity, Command & Conquer, WarCraft III စတာတွေ ပေါ်လာပေမယ့် CS 1.6 ကတော့ တစ်ယောက် server ထောင်ပြီး တစ်ဆိုင်လုံးဝိုင်းဆော့တဲ့အထိကို ဝက်ဝက်ကွဲအောင်မြင်တယ်။
Life’s Gaming Experiences II
PC gamer life က console ထက် ပြဿနာပိုများတယ်လို့ မြင်တယ်။ ဥပမာ မင်းဆော့တာ အသုံးမကျဘူးဆို အကုန်လုံးက ဝိုင်းအော်ရော။ ပြီးတော့ မင်းက CS မှာ တစ်ခြား Player ကို ဓါးနဲ့သွားထိုးတာမျိုးဆို ဟိုလူက sensitive သမားဆိုရင် မင်းရဲ့ နာမည်တပ်ပြီးကို ဆဲတာ။ ခပ်ဆိုးဆိုးသူတွေဆို မင်းဘယ်သူလဲဆိုတာ လိုက်ရှာရော။ ဆိုင်ကျဥ်းကျဥ်းလေးထဲမှာဆိုတော့ ပြေးစရာလမ်းမရှိဘူး၊ ဘာလုပ်လုပ် နည်းနည်းသတိထားရတယ်။ လူနဲ့ player name ကိုလည်း တွဲပြီး မှတ်ထားရတာပဲ။
ပြီးတော့ server စက်ကိုင်တဲ့ကောင်ဆို CS basic command တွေသိပြီး Stress Handling ကောင်းရတယ်၊ leadership ရှိရင်အကောင်းဆုံးပဲ။ အားလုံးရဲ့ requests တွေက ကိုယ့်ဆီ တစ်ယောက်တစ်ပေါက်နဲ့ လာကြတဲ့အပြင်၊ လိုအပ်ရင် အခန်းပြောင်းတာ၊ ကောင်းကောင်းမဆော့တဲ့သူကို ဘန်းတာ၊ skill ပေါ်မူတည်ပြီး လူခွဲတာ၊ နောက်ဆုံး player ၂ယောက်တည်းနဲ့ ကြာနေတာမျိုးဆိုလည်း kill ပစ်ရတာမျိုး manage လုပ်ပေးရတယ်။ ဆိုင်မှာ စက်တစ်လုံးလွတ်လို့ “ညီလေး…ဒီစက်က ဆာဗာနော်” ဆိုတာနဲ့ အများစုက နောက်တစ်လုံးထပ်စောင့်တယ်။ နောက်တော့လည်း ဆိုင်ရှင်စက်မှာပဲ ဆာဗာထောင်တဲ့ပုံစံပြောင်းသွားတယ်။
ဂိမ်းဆိုင်မှာ unofficial break time တစ်ခုရှိတယ်၊ အဲဒါက အခန်းပြောင်းတဲ့အချိန်ပဲ။ ထဆဲတဲ့သူနဲ့ ပျော်တဲ့သူနဲ့ အသံလုံးကြီးဝုန်းကနဲတက်လာသလို့ အိမ်ပြန်တဲ့သူ၊ သေးသွားပေါက်၊ မုန့်ထွက်စား၊ ဆေးလိပ်ထွက်သောက်နဲ့ အကုန်လုပ်ကြတာ။ နောက်ထပ် unofficial rule အရ အခန်းအသစ်မစခင် အနည်းဆုံး ၅မိနစ်စောင့်ရတယ်။
တစ်ခါတော့ CS ပြိုင်ပွဲလုပ်လို့ ငါနဲ့ကျောင်းကဘော်ဒါတွေ “Danger Boyz” ဆိုပြီး သွားပြိုင်ကြသေးတယ်။ CS ဆော့ခဲ့သမျှတော့ အစောဆုံးလုပ်တဲ့ပွဲထဲမှာပါတယ်။ Team တစ်ခုမှာ player ၅ယောက်၊ backup ၃ယောက်နဲ့ ရှုံးထွက်ဆော့ကြတာ။ အဲတုန်းက ၇တန်းပဲရှိသေးတယ်၊ ကလေးဆိုလို့ ငါတို့ပဲရှိတာ။ Leader လုပ်တဲ့ကောင်တောင် သူ့နှစ်ပြန်လောက်ဘဲကြီးတွေကိုရှိန်ပြီး ရှေ့မထွက်တော့တဲ့အထိပဲ။ Warm-Up round မှာတင် ငါဘော်ဒါ ကိုယ့်စခန်းမှာပဲ ဓါးနဲ့အထိုးခံရတဲ့အထိ ခွက်ခွက်လန်အောင်ရှုံးခဲ့တာ။ Skill differences လည်းဆိုင်သလို ကိုယ့်အနားမှာ ဝိုင်းအုံပြီးအော်ကြဟစ်ကြတော့ ကြောက်လန့်ပြီး pressure ပိတာလည်း ပါတယ်။
နောက်အမှတ်တရကတော့ ငါတို့၉တန်းမှာ ကျောင်းကခပ်စွာစွာ အတန်းပိုင်ဆရာမ က ဆိုင်ထဲထိဝင်ဖမ်းတာ။ သူ့ကျူရှင်နဲ့ ဂိမ်းဆိုင်နဲ့က တစ်လမ်းထဲ ဖြစ်နေတော့ တစ်ရက်မှာ အငိုက်ဖမ်းပြီး ဝင်ချလာတာ။ ငါတော့ ၁နာရီလောက်အလိုမှာ စောပြန်သွားတော့ မမိလိုက်ဘူး၊ တစ်ခြားကောင်တော်တော်များများတော့ ဆူပူခံ နားရွက်ဆွဲခံထိပြီး အုပ်လိုက်ပါသွားတယ်။ အဲဆိုင်ကိုလည်း လတော်တော်ကြာတဲ့အထိ ပြန်သွားမဆော့ဖြစ်ကြဘူး။
Legendary Game Uprising
အရင်က Warcraft III က Tower ထောင် (Element Tower Defense) လောက်ပဲ ကစားတာ။ နောက်ကျ DOTA ဆိုတာပေါ်လာတယ်၊ တစ်ယောက်ဆော့တာကို ကျန်တဲ့သူတွေ ဝိုင်းအုံကြည့်စပ်စု၊ အချင်းချင်းပြန်သင်ပေးရင်းနဲ့ CS ခေတ်တစ်ခေတ်ကုန်ပြီး DOTA ခေတ်ရောက်လာတာပဲ။ ဂိမ်းဆိုင်ထဲဝင်သွားလို့ CS ပစ်နေတဲ့ကောင်ဆို စောက်တောသားဆိုပြီး အထင်ခံရတဲ့အထိကို influence ကြီးခဲ့တယ်။
အဲတုန်းက ခုလို creep blocking, last hit & denying, position & lane assignment စသည် စည်းမျဥ်းမှ မရှိဘူး။ အများစုက Night Stalker, Rouge Knight, Lifestealer လို aggressive ဖြစ်တဲ့ hero တွေ (ခုခေတ်အခေါ် Carry) ကိုင်ကြတယ်။ ဘာလို့ဆို ငါတို့စပ်တက်တာ Sange & Yasha, Battle Fury နဲ့ Butterfly လောက်ပဲရှိလို့။ Courier နဲ့ bounty rune တောင် သုံးရကောင်းမှန်းမသိဘူး။
ဒီလိုပဲဆော့ကြရင်းနဲ့ neutral creeps တွေသွားစားရင် lvl တက်မြန်၊ ပိုက်ဆံရမြန်မှန်းသိလာတယ်။ Battle ဆိုင်ရင် Crystal Maiden လို supporter ပါရင် အသာစီးရမှန်းသိလာတယ်။ နောက်ပိုင်းကျ ဂိမ်းခွေဆိုင်တွေမှာ DOTA Tournment ခွေတွေ ဝယ်လို့ရလာတယ်၊ အဲမှာဆော့တဲ့ပုံစံတွေ ပိုစနစ်ကျလာတာပဲ။
ပြီးတော့ PC Game ဆိုင်တွေဆိုတာလည်း နေရာတိုင်းမှာတွေ့လာရတယ်။ မိတ္တူဆိုင်ထပ်ခိုးလေးမှာလဲဖွင့်တာပဲ၊ တိုက်ခန်းထဲလဲဖွင့်တာပဲ၊ ကိုယ့်အိမ်မှာပဲ ဧည့်ခန်းကို အခန်းကန့်ပြီးဖွင့်တာပဲ။ မှတ်မှတ်ရရဆို ညအိပ်ပြီးဆော့လို့ရတဲ့ဆိုင်တွေပေါ်လာတယ်။ ရွှေဝါရောင်အရေးအခင်းတုန်းကတောင် ဂိမ်းဆိုင်တွေက အပြင်ကသာ သံပန်းခတ်ထားတာ၊ အထဲမှာအုပ်လိုက်ငြိမ်ကုပ်ပြီးဆော့နေကြတာ။
The Dawn of Console Gaming Shops
မြန်မာပြည် Electronic Gaming Industry က console နဲ့ စခဲ့ပေမယ့် PS2 အထိ အကြီးအကျယ်အောင်မြင်ပြီးနောက်ပိုင်း အဖျားရှူးသွားတယ်။ PS3 & PS4 ဆိုပြီး ဆက်သွားပေမယ့် ရပ်ကွက်တစ်ခုမှာ တစ်ဆိုင်စ နှစ်ဆိုင်စလောက်ပဲကျန်တာ့တဲ့အထိကို PC games တွေရဲ့ လွှမ်းမိုးတာကို ခံရတယ်။
ငါပြန်စဥ်းစားကြည့်တာတော့ လူဆိုတဲ့သတ္တဝါက လူတွေရှိတဲ့နေရာမှာပဲပျော်တယ်၊ လူအချင်းချင်းပတ်သက်ရတာပဲ ကြိုက်တယ်။ Console ဂိမ်းအများစုက isolate ဖြစ်တယ်လေ။ Up to 8 Multiplayer ရတဲ့ Red Alert 2 လိုဟာမျိုးတောင် ကိုယ်နဲ့တွဲဆော့မယ့်သူ လိုက်ရှာရသေးတယ်။ ပြီးတော့ဆော့နေတုန်း တစ်ဖက်လူက အချိန်ပြည့်သွားလို့ ထပြန်သွားရင် ကိုယ်က ဝမ်းနည်းပက်လက်နဲ့ ကျန်ခဲ့ရော။
PC ဂိမ်းတွေကျ မှတ်တိုင်မှာ လိုင်းကားစီးရသလိုပဲ။ Server ထောင်ပြီး လူပြည့်တဲ့ထိစောင့်တယ်၊ CS ဆို တစ်သင်း ၁၀ယောက်၊ DOTA ဆို ၅ယောက်။ မမှီတဲ့ကောင်က နောက် server လာလိမ့်မယ်။ Online မရပေမယ့်လည်း ကိုယ့် Local Area Network ထဲမှာတင် ပျော်နေကြတာပဲ။
ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့တဲ့အထဲ PS1 Gamer Life ကိုတော့ သတိအရဆုံးပဲ။ PC ဆိုင်တွေကျ အထဲဝင်သွားရင်သာ လူများတာ၊ အပြင်ကနေဆို ရိုးရိုးအခန်းလေးသာသာပဲ။ Console ဆိုင်တွေကျ ပတ်ဝန်းကျင်နဲ့ထိတွေ့နေတယ်၊ ညနေစောင်းဆို ဈေးသည်တွေရော၊ ဆိုင်ရှေ့မှာ ဘောလုံးကန်၊ ခြင်းလုံးခတ်တဲ့သူတွေရော။ နောက်အချင်းချင်းက မိသားစုလေးလိုပဲ တစ်ယောက်နဲ့ တစ်ယောက်သိနေကြတယ်။ ဂိမ်းဆော့ရင်းနဲ့ သူတို့ဇတ်လမ်းအကုန်နားထောင်ရတယ်။ သင်္ကြန်၊ သီတင်းကျွတ်၊ New Year အကုန်လုံးက Viber တစ်ခုစီနဲ့။
The Dawn of PC Gaming Shops
၂၀၁၀ လောက်မှာ CDMA 450/800 MHz ဖုန်းတွေ စချပေးတယ်၊ အလုံက မြန်မာ့ဆက်သွယ်ရေးရုံးမှာ ၃သောင်းခွဲပေးရင် အင်တာနက်ရတယ်။ နောက်တော့ ၅သိန်းနဲ့ ၂သိန်းတန် GSM တွေကနေ ၁၅၀၀ တန် ဆင်းကဒ်ခေတ်ရောက်လာပြီး အင်တာနက်ကို ပေါပေါလောလောစသုံးခွင့်ရတယ်။ Myanmar Net လို ဈေးသက်သာတဲ့ ISP တွေလည်း အပြိုင်အဆိုင်ပေါ်လာကြတာပဲ။
အဲဒိအချိန် ကွန်ပြူတာဆိုတာကလည်း အရင်လို တန်ဖိုးကြီးရှားပါးပစ္စည်းမဟုတ်တော့ဘူး။ ပိုက်ဆံနည်းနည်းတက်နိုင်ရင်ကို Android 2.1 Eclair OS တင်ထားတဲ့ Huawei ဖုန်းတွေလည်း ကိုင်လို့ရနေပြီ။ ဆိုတော့ အရင်က ဂိမ်းဆိုင်သွားတဲ့အချိန်အများစုကို Online မှာ သုံးလာကြတယ်။ အဓိကတော့ Gtalk chatting နဲ့ “မင်္ဂလာပါ သူငယ်ချင်းလေးရေ” ဆိုတဲ့ Gmail တွေ အပြန်အလှန်ရှဲကြတာ။ ပြီးတော့ Mobile Gaming ကိုလည်း စိတ်ဝင်စားလာတာ၊ အဲတုန်းကတော့ Temple Run, Angry Birds, Plants vs Zombie နဲ့ Candy Crush ခေတ်ပေါ့။
ဂိိမ်းဆိုင်ဆိုတာက ကိုယ့်ဘော်ဒါသီးသန့် DOTA ခုတ်ဖို့လောက်ပဲ သွားတော့တယ်။ ဆိုင်က ကလေးပုတုညောင့်တောင့်တွေနဲ့ တူတူဆော့ရတာကိုလည်း ရှက်လာတာလည်းပါတယ်။ Internet Evolution က ပိုက်ဆံအဓိကသုံးနေတဲ့ ကိုယ်လိုအရွယ် Customers တွေကို ဖဲ့ထုတ်လိုက်တဲ့အခါကျတော့ အကျိုးဆက်က Internet နဲ့ Game ဆိုင်အများစု ပိတ်ကုန်ကြတာပဲ။ နောက်ကိုယ့်အိမ်မှာပဲ Pirate CD တွေနဲ့ ဆော့လို့ရနေတဲ့အခါကျတော့ ဘယ်သူမှလည်း ဆိုင်မသွားဖြစ်တော့ဘူး။
Disconnecting from Gaming World
ကလေးဘဝကနေ တက္ကသိုလ်ပြီးတဲ့အထိ ဂိမ်းကိုရူးရူးမူးမူးဆော့ခဲ့တယ်။ အဲနောက်ပိုင်းကနေ ခုချိန်ထိ စိတ်မပါတော့လို့ ရပ်လိုက်တာပဲ။ မြန်မာပြည်မှာ Esports တွေ ခေတ်စားလာတာကို မြင်ရတယ်။ Twitch လို Game Live Streaming တွေ (ဒီမှာတော့ Facebook ပေါ့) လုပ်လာကြတယ်။ DVD ၂ချပ် ၃ချပ်သွင်းရတဲ့ ခေတ်ကနေ Steam Platform ပေါ် ရောက်ကုန်တယ်။
ကိုယ်အရမ်းလှတာပဲလို့ ထင်ခဲ့ဖူးတဲ့ PS2 Graphic ဆိုတာ ခုချိန်မှာ ဟာသလိုပဲ။ Red Dead Redemption 2 ဆို တော်တော်မိုက်တယ်။ Logitech G Series Driving Gears တွေလည်း အရမ်းသဘောကျတယ်။ ခုချိန်မှာ အကုန်လုံးဝယ်ဖို့ ပိုက်ဆံလည်းရှိနေပေမယ့် စိတ်မပါတော့ဘူး။
Mobile Game တောင် နည်းနည်းလေး အားစိုက်ထုတ်ရမယ့် mission ဆို မဆော့ချင်တော့ဘူး။ ဟိုးအရင်ကဆို ဘယ်လိုဆက်ဆော့ရမယ်မှန်းမသိတဲ့ ဂိမ်းတွေကိုတောင် လနဲ့ချီအဖြေရှာခဲ့တာပဲ။ ဒါပေမယ့် အခု ထပ်မလုပ်ချင်တော့ဘူး။
Outro
ဒီလို ပို့စ်အရှည်ကြီးကို အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဘာရယ်မဟုတ်ပဲ ပိတ်ရက်မှာ ကလေးဘဝက အကြောင်းလေးကိုပြန်တွေးမိလို့ ရေးဖြစ်သွားတာ။ ကိုယ်တိုင်မဆော့ဖြစ်တော့ပေမယ့် Cloud Gaming, AI Bots, AR/VR Games တွေနဲ့ ပိုပြီး စိတ်ဝင်စားစရာကောင်းလာမယ့် Future of Gaming Industry ကိုတော့ အားလုံးနဲ့အတူတူ စောင့်ကြည့်နေပါတယ်။