WFH သို့ အိမ်တွင်းပုန်း ဒက်ဗလုပ်ပါ

My Dos and Don’ts as a Remote Developer

Myo Win Thein
3 min readOct 27, 2023

နိဒါန်း

မှတ်မှတ်ရရ​ 2019–2020 အကူးအပြောင်းကာလမှာ COVID-19 စဖြစ်တော့ ရုံးကနေ work from home ပေးလုပ်တယ်။ ၂ပတ်လောက်နေရင် ပြန်လာရမှာပါလေဆိုပြီး ထင်ခဲ့တာ COVID-19 Waves တွေကြားမှာ လူတွေ အလူးအလဲခံကြတာကနေ နောက်ဆုံး Military Coup ပါဖြစ်တော့ ခုချိန်ထိ office life ကို ပြန်မသွားဖြစ်တော့တာ လာမယ့် 2024 Jan ဆို ၄နှစ်နီးပါးရှိတော့မယ်။

ဒီကြားထဲမှာလည်း company ပေါင်းစုံနဲ့ freelance projects တွေအစုံလုပ်ဖြစ်တော့ remote developer တစ်ယောက်အနေနဲ့ ဆောင်ရန်ရှောင်ရန် အတွေ့အကြုံလေးတွေရှယ်ချင်လို့ ဒီဆောင်းပါးကိုရေးရခြင်းဖြစ်ပါတယ်။

Demonstration of remote developer life by DALL-E

Be Responsive

Overseas က လူတွေနဲ့ စလုပ်တော့ Slack, Email စတာတွေမှာ ကိုယ့်ဘက်က response ကြာနေရင် စိတ်ဆိုးကြတာကို သတိထားမိပါတယ်။ သူတို့ကို တစ်ခုခုသွားပြောလည်း တက်နိုင်သမျှ reply မြန်မြန်ပြန်ကြတာကိုလည်း တွေ့ရတယ်။ ဆိုတော့ မြန်မာကုမ္ပဏီမှာတုန်းကလို ကိုယ်အားတော့မှ​ ဝင်ကြည့်ပြီး စာပြန်တဲ့ အကျင့်ကို တော်တော်လေးပြင်ယူရတယ်။

ပြီးတော့ notifications တွေ မလွတ်အောင်လည်း နည်းပေါင်းစုံနဲ့ လုပ်ထားရတယ်။

  • Apps တွေကို devices အစုံမှာသွင်းထားတာ
  • Slack, Jira မှာဆို new activity ဝင်တိုင်း email ပို့တဲ့ settings တွေထားတာ
  • Reply တွေအကုန်ပြန်ပြီးရင် notification list ထဲ ဝင််ကြည့်တာပြီး double check လုပ်တာ
  • ကိုယ့်ဘက်ကနေ data ထပ်ပေးဖို့ လိုနေတာတွေကိုလည်း note သတ်သတ်မှတ်တာ (Slack မှာတော့ Remind me about this ဆိုတဲ့ feature လေးပါတယ်)

Contribution

Work from home ပေးလိုက်ကတည်းက ဒီလူက အချိန်ပြည့်အလုပ်လုပ်ချင်မှ လုပ်မယ်ဆိုတာကို အကုန်လုံးက သိထားပြီးသားပါ။ ခုချိန််ထိလည်း ဘယ်သူမှ ကိုယ်အလုပ်လုပ်လားဆိုတာ အတင်းကြီးလိုက်မေးမြန်းနေတာမျိုးမရှိဘူး။ Team member တစ်ယောက် family case နဲ့ task တွေမပြီးတော့ CEO က ပြောဖူးတာ သတိရတယ်။

“မင်းအရင်ရက်တွေက အလုပ်လုပ်လား မလုပ်လားဆိုတာ ငါ့စိတ်ထဲမရှိဘူး။​ မိသားစုကပိုအရေးကြီးတော့ ဒါကိုအချိန်ပေးရမှာပဲပေါ့။ ဒါပေမယ့် မင်းအနေနဲ့ အလုပ်မလုပ်နိုင်ကြောင်းကိုတော့ ငါ့ကိုလာပြောပါ၊ အဲဒါမှ ငါတစ်ခုခုကြိုစီစဥ်လို့ရမှာ….” ဆိုပြီးပြောခဲ့တာ။

Scrum meeting တွေမှာတော့ ကိုယ့်ဘက်က work done ဖြစ်ကြောင်းကို သက်သေပြနိုင်ဖို့တော့လိုတယ်။ ကျွန်တော်ကတော့ daily meeting တွေမှာ ပြောဖို့အတွက် နေ့တိုင်းဘာလုပ်ဖြစ်လဲဆိုတာ note ထုတ်ထားတယ်။

Time Management

ကိုယ့် remote job က same timezone, same country လုပ်နေတာဆိုရင်တော့ ကိစ္စမရှိဘူး။ Office hours အတွင်းပဲ active ဖြစ်ပေးရင်ရပြီ၊ ကျန်တဲ့အချိန်က personal time မို့ ကြိုက်တာလုပ်ပဲ။ သတိထားမိသလောက်တော့ assign မပြီးတဲ့ တစ်ချို့တစ်လေကလွဲလို့ ဘယ်သူမှလည်း message လာမပို့ပါဘူး။

ဒါပေမယ့် different timezone မှာ နိုင်ငံပေါင်းစုံက လူတွေနဲ့အလုပ်လုပ်နေတာဆိုရင်တော့ work life balance ဖြစ်အောင် တစ်ချက်ညှိဖို့လိုတယ်။ အဓိကတော့ တစ်ယောက်ရဲ့ နားချိန်နဲ့ ရုံးပိတ်ရက်ကို နောက်တစ်ယောက်က မသိတာဆိုတော့ နေ့တိုင်းလိုလို ၂၄နာရီ ကိုယ့်ဆီ notifications တွေ အစုံရောက်နေလိမ့်မယ်။

အရင်ဆုံးတော့ full time တုန်းကလို ရုံးချိန်မှာလုပ်မယ်၊ ကျန်တဲ့အချိန်နားမယ်ဆိုတဲ့ စိတ်ကိုပြင်ရမှာ၊​ “Everyday is either work or leave day” ပဲ။ ဒီနေ့ညလုံးပေါက် tasks တွေလုပ်ဖြစ်တယ်ဆိုပါတော့၊ နောက်နေ့ တစ်နေကုန် ဂိမ်းဆော့ရင်ဆော့နေလိုက်။ ကိုယ်က အလုပ်လုပ်နေချိန် supervisor ဘက်မှာ အိပ်ချိန်ရောက်လည်းရောက်နေတာမျိုးဆိုတော့ active ဖြစ်စရာလည်း မလိုဘူး။

နေ့တိုင်းမှာ အလုပ်လုပ်မလား၊ နားမလားဆိုတာက ကိုယ့်ဆုံးဖြတ်ချက်ပဲ၊ တစ်ခုရှိတာ scrum meeting မှာတော့ progress လေးရှိနေပါစေပေါ့။

Explain Details

Full time တုန်းကလို တစ်ခုခုဆို ဖင်လေးကြွပြီး သွားပြောလို့မရတော့ ကိုယ်က သူများမေးတာကိုဖြေတာပဲဖြစ်ဖြစ်၊ သူများဆီက သိချင်တာကိုမေးတာပဲဖြစ်ဖြစ် အချက်အလက်ပြည့်ပြည့်စုံစုံဖြစ်ဖို့လိုတယ်။ မဟုတ်ရင် အသွားအပြန် back & forth နဲ့တင် assignment လုပ်ရမယ့် အချိန်တွေပြောင်လိမ့်မယ်။

ဥပမာ Jira task ကိုဖတ်ပြီး မရှင်းတာတွေ list down လုပ်မယ်ဆိုပါတော့။ ကိုယ်က ဘာကိုသိချင်တာလဲဆိုတာ title, subtitle & bullet points တွေနဲ့ သေချာရေး၊ လိုအပ်ရင် ​screenshot or screen recording တွေပါထည့်၊ ပြန်ဖြေစေချင်တဲ့သူတွေကို mention လုပ်။ Technical နားမလည်တဲ့ team က လူတွေနဲ့ ပြောနေတာမျိုးဆို ပုံတွေပါ အကြမ်းဖျဥ်းဆွဲပြလိုက်။

ပြီးရင်လည်း တန်းမပို့ပဲ ဘာကျန်သေးလဲ သေချာပြန်ဖတ်ကြည့်၊ အကုန်အချောသတ်ပြီးမှပို့။ ဟိုဘက်လူက reply ကြာနေတာမျိုးဆိုလည်း ပြန်ပို့တဲ့အထိစောင့်မနေနဲ့၊ DM ထဲအထိသွားမေး၊ လိုအပ်ရင် တစ်ခြားသူတွေပါတွဲပြီး email ပို့။

Workspace

Developer ဆိုတာက introvert ဘယ်လောက်ပဲဆန်ဆန်၊ အိမ်မှာလုပ်ရတာ ဘယ်လောက်ပဲ productive ဖြစ်တယ်ပြောပြော နေ့တိုင်းနီးပါးဆိုရင် ငြီးငွေ့ပြီး motivation တွေကျ၊ passion တွေပျောက်လာလိမ့်မယ်။

မနက်အိပ်ရာထ လိုအပ်တာပြင်ဆင်ပြီးတာနဲ့ အလုပ်လုပ်ကြည့်လိုက်။ စိတ်ထဲအီလည်လည်ကြီးဖြစ်နေတယ်၊ tasks တွေရှိပေမယ့် အလုပ်လုပ်ရမှာ ပျင်းနေတယ်ဆို ကော်ဖီဆိုင်သာ သွားပေတော့။ များသောအားဖြင့်တော့ အာရုံပြန်စိုက်လို့ ရနေတာ သတိထားမိလိမ့်မယ်။ တစ်ချို့ကွန်ဒိုမှာနေတဲ့သူတွေဆို အိမ်အောက်မှာတင် co-working space တွေရှိတက်တယ်။

Work Station

အိမ်မှာပဲအလုပ်လုပ်ရတာများမှာဖြစ်တဲ့အတွက် work station တစ်ခုကိုတော့ ပိုက်ဆံဘယ်လောက်ကုန်ကုန် သေချာပြင်သင့်တယ်။ ပထမဆုံး မျက်လုံးနဲ့ လည်ပင်းသက်သာအောင် 27 inches monitor တစ်လုံးလောက်တော့ အနည်းဆုံးရှိသင့်တယ်။ ပြီးရင် mechanical keyboard (keychron k3 or similar) နဲ့ mouse (logitech mx master 3s) ဝယ်ရမယ်။ အဲဒိဟာတွေသုံးပြီးရင် laptop ကို ပြန်သုံးကြည့်လိုက်၊ နှိပ်ရပြုရတာ လက်ဘယ်လောက်နာလဲဆိုတာတွေ့လိမ့်မယ်။

ထပ်လိုတာက Ergonomic chair (gaming chair မဟုတ်) တစ်လုံးပဲ။ Online က မမှာပဲ​ ဆိုင်ကို ကိုယ်တိုင်သွားပြီး ထိုင်ကြည့်လှည့်ကြည့်၊ နည်းမျိုးစုံစမ်းသပ်ပြီးမှဝယ်တာကောင်းတယ်။ ပြီးတော့ desktop/laptop ကို ဘယ် OS/brand ပဲသုံးသုံး specs မြင့်မြင့်နဲ့ top notch quality ဖြစ်တာရွေးဝယ်ဖို့ပါ။ MacBook ကတော့ မမှားတဲ့ choice ပေါ့၊ RAM ကိုတော့ 24 or 32GB အောက်ထစ်ဝယ်ဖို့ပဲ။

​နိဂုံး

Software developer life ဆိုတာက တစ်ခြား career တွေနဲ့ ယှဥ်ရင် ဝင်ငွေကောင်းပေမယ့် စိတ်ဖိစီးမှုလည်းများသလို မလှုပ်မရှားနေတာကြောင့် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ အခုလို work from home တွေများလာတော့ ပိုဆိုးတာပေါ့။

ကိုယ်တိုင်လည်း အိမ်တွင်းပုန်းအလုပ်လုပ််နေရင်း၂ပတ်လောက်ထိ အိမ်ထဲကအိမ်ပြင်တောင် မထွက်ဖြစ်ပဲ ဘယ်သူနဲ့မှ မတွေ့ချင်တော့တာမျိုးအထိ ခဏခဏဖြစ်သလို ကြိုးစားပြီးလဲပြင်နေဆဲပါ။ အဓိကတော့ ရုံးမှာ tasks တွေအချိန်မှန်ပြီးသလို ကိုယ့် personal life ကိုလည်း ပစ်မထားဖို့ပါပဲ။

--

--

Myo Win Thein

A developer sharing experiences with the world, one byte at a time.