ကာရီရာ တစ်ပူး— အပိုင်း ၁

Beyond Code: A Decade of Reflections on Life and Career in Programming

Myo Win Thein
5 min readFeb 29, 2024

နိဒါန်း

Jan 2013 မှာ စခဲ့တဲ့ programming career တစ်ခုက ပြီးခဲ့တဲ့ Jan 2024 မှာ ၁၁နှစ်ပြည့်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ software developer တစ်ရောက်အနေနဲ့ ဖြတ်သန်းရင်းနဲ့ life မှာရော career မှာပါ ကိုယ်သိမြင်လာခဲ့သမျှနဲ့ မှားခဲ့တာတွေကို (ဆရာကြီးလုပ်ပြီး)​ ပြန်ရှယ်ပေးချင်လို့ ရေးရချင်းပါ။

တကယ်တော့ ဒီလိုဆောင်းပါးမျိုးက ဒီထက်မက အတွေ့အကြုံပိုများတော့မှ ရေးကြတာများပါတယ်။ ဒါပေမယ့်လည်း အရာရာအပြောင်းအလဲမြန်ဆန်တဲ့ ခေတ်ကြီးမို့ အချိန်ကြာတော့မှရေးရင် အတွေ့အကြုံအများစုက ဘောင်ဝင်တော့မှာ မဟုတ်ဘူးလို့ တွေးမိလို့ အခုလိုလတ်ဆတ်နေတုန်းမှာပဲ​ ရေးလိုက်ပါတယ်။

အခုဒီဆောင်းပါးမှာတော့ career နဲ့ပတ်သတ်ပြီး ရေးသွားမှာပါ။ ပြီးရင်တော့ တစ်ခြားအကြောင်းအရာတွေကိုလည်း series ပုံစံရေးသွားဖို့ရှိပါတယ်။ အောက်ပါအတွေးအခေါ်တွေက စာရေးသူအပေါ်မှာပဲ အခြေခံထားတာကြောင့် လိုတာယူပြီး မလိုတာပယ်လိုက်ပါ။

ဘဝတစ်ခု အစပြု

ကိုယ်က မြန်မာပြည်မှာမွေးပြီး သမရိုးကျ အစိုးရပညာရေးနဲ့ ကြီးပျင်းလာတယ် ဆိုပါတော့။ ၁၀တန်းလည်းအောင်ပြီးလို့ ဘာဆက်လုပ်ရမလဲကို စဥ်းစားနေပြီ။

မိဘက ထောက်ပံ့နိုင်လား

အဲလိုဆိုရင်တော့ NCC, HND diploma ကို ၂နှစ်တက်ပြီး University of Greenwich မှာ bachelor ၁နှစ်တက်တဲ့ ပုံစံကို အကြံပေးချင်တယ်။

Diploma 1st year တက်နေတဲ့အချိန်မှာပဲ​ programming ကို လက်တွေ့ သေချာသင်ပေးနိုင်တဲ့ Myanmar Links နဲ့ Fairway Technology လို အတန်းတွေကို သွားတက်ပြီး သေချာလေ့လာ (တစ်ချို့ဆရာတွေတော့ ဆက်မသင်တော့ဘူး)။ Diploma 2nd year မှာ ကုမ္ပဏီတစ်ခုမှာ internship အနေနဲ့ အလုပ်ဝင်အောင်လုပ်။ Bachelor 3rd year မှာ အလုပ်အတွေ့အကြုံ ၂နှစ်ပြည့်ပြီး အကုန်လုံးကို တီးမိခေါက်မိဖြစ်နေအောင်လုပ်။

အဲလိုဆိုရင် ၁၀တန်းအောင်ပြီး ၃နှစ်ပြည့်လို့ သူများတွေကျောင်းတက်နေတုန်းမှာ ကိုယ့်ဆီမှာ UK ကပေးတဲ့ bachelor နဲ့ အလုပ်အတွေ့အကြုံ ၂နှစ်ရှိနေမယ်။

မိဘက မထောက်ပံ့နိုင်ရင်ရော

အဲဒါဆိုရင်တော့ နည်းလမ်း ၂မျိုးရှိမယ်။

ပထမနည်းက weekday ကို အစိုးရကျောင်းတက်ပြီး weekend မှာ လက်တွေ့သင်တန်းတွေ တက်တာ။ နွေရာသီ ကျောင်းပိတ်ရက်ရှည်တွေမှာတော့ internship ရအောင်ရှာပေါ့။ လက်တွေ့သင်တန်းတွေ တက်စရာကုန်လို့ အားနေရင်တော့ ဒီလိုဟာတွေ လိုက်လုပ်လို့ရတယ် -

  • Open Source => OpenCart ဆိုရင် project ကြီးပြီး ဖတ်ရလွယ်တယ်။ Clone ချပြီး setup လုပ်ကြည့်၊ code တွေလိုက်ဖတ်၊ နားမလည်ရင် ChatGPT မှာရှာ၊ ကျွမ်းကျင်လာရင် GitHub မှာဖွင့်ထားတဲ့ issues တွေလိုက်ရှင်းပြီး contribution လုပ်တာမျိုး
  • Personal Projects => Language/Framework/CMS တစ်ခုကို docs ဖတ်လိုက်တယ်ဆိုတာ ဘာတွေလုပ်လို့ရတယ်ဆိုတာလောက်ပဲ အခြေခံသိသွားတာ။ တကယ်ချရေးလိုက်မှ မသိတာတွေအများကြီးထွက်လာပြီး ပိုင်နိုင်သွားတာမို့
  • Online Courses => CS50 ကိုတော့ အားပေးတယ်၊ CS ကို theory ရော programming ပါ အခြေခံကနေ သေချာနားလည်သွားတာမို့
  • Conferences => အရင်ခေတ်တုန်းကတော့ အပြင်မှာ ပွဲပေါင်းစုံ စည်စည်ကားကားပေါ့လေ။ အခုလည်း online workshops တွေတော့ ရှိပါသေးတယ်။

ဒုတိယနည်းကတော့ နိုင်ငံရေးကြောင့် အစိုးရကျောင်းမတက်ချင်ဘူးဆိုလည်း လက်တွေ့သင်တန်းတွေ တက်ပြီး လုပ်ငန်းခွင်ထဲ​မြန်မြန်ရောက်အောင် လုပ်တာကောင်းတယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ ပိုက်ဆံစုမိရင်တော့ စောနက UK ကျောင်းတွေ ပြန်တက်မှရမယ်။

ဘာလို့ CS ဘွဲ့ယူစေချင်တာလဲ

ကျွန်တော့်တုန်းက NCC 2nd year diploma အထိပဲ​တက်ပြီး “ငါတော်ရင် ဘွဲ့မရလည်း ကုမ္ပဏီတွေက ခန့်မှာပဲ” ဆိုတဲ့စိတ်နဲ့ ကျောင်းနားခဲ့ပါတယ်။ Career အစပိုင်းမှာ အဆင်ပြေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒုက္ခလှလှတွေ့တော့တာပါပဲ။

အခုဆို ကိုယ်လုပ်နေတဲ့ ကုမ္ပဏီကို career relevant bachelor မရှိတဲ့အတွက် work visa လျှောက်လို့မရဘူး၊​ ရခဲ့တောင် PR/Citizen လမ်းကြောင်းသွားလို့မရဘူး (ကြာလေမရတဲ့နိုင်ငံတွေ ပိုများလာဖို့ပဲရှိပါတယ်)။

ကိုယ်က မြန်မာပြည်မှာပဲ ဆက်လုပ်နေရင်တောင် position အမြင့်တွေခုန်ဖို့ ပြဿနာရှိတယ်။ ကိုယ်အရည်အချင်းရှိတာ ကုမ္ပဏီက အသိအမှတ်ပြုရင်တောင် project မစခင်မှာ ကိုယ့် profile ကို client က တောင်းကြည့်တဲ့အတွက် education history ကောင်းမှ company impression & image လည်း ပိုတက်ပြီး project ရနိုင်ခြေများတာမို့ပါ။ (Client ကကြည့်တဲ့အတွက် လုပ်ငန််းရှင်ကလည်း အဲဒါကိုဦးစားပေးရပါတယ်)။

ဘွဲ့ရပြီးရင် ဘာဆက်လုပ်မလဲ

အိမ်ကလည်းထောက်ပံ့နိုင်သေးတယ်၊ ကိုယ်တိုင်လည်း စာထပ်သင်ချင်သေးတယ် (သို့) PR/Citizen လမ်းကြောင်းတစ်ခုလိုချင်တယ်ဆို နိုင်ငံခြားမှာ (အထူးသဖြင့် Canada, Australia, New Zealand) မှာ postgraduate သွားတက်ပေါ့။ မဟုတ်ရင်တော့ full-time job ကိုပဲ​ အာရုံစိုက်ပြီး နိုင်ငံကြီးတစ်ခုခုမှာ skilled worker အနေနဲ့ သွားလုပ်မယ့် လမ်းကြောင်းကိုပဲ ရွေးပေတော့။

ကိုယ်က မြန်မာပြည်မှာပဲ အခြေချမယ်ဆိုရင်တောင် career & personal growth အတွက် overseas company မှာတော့ အလုပ်အတွေ့အကြုံရှိထားသင့်တယ်။ ဒီကိုပြန်ဝင်တဲ့အခါလည်း position အကြီးတွေရဖို့ chance ပိုများတယ်။

Career အစပိုင်း ကာလများ

လူတွေအများကြီးခန့်ထားပြီး သက်တောင့်သက်သာလုပ်ရတဲ့ enterprise တွေ၊ maintaince လောက်ပဲရှိတော့တဲ့ own products တွေထက်စာရင် ကိုယ့်ကိုအမှုန့်ကြိတ်မယ့် digital agency or consulting firms လိုနေရာမျိုးတွေမှာ လုပ်သင့်တယ်။

ကိုယ်က Laravel backend ရေးနေတဲ့အချိန်မှာ အရင် release လုပ်ထားတဲ့ Vue frontend project က feature improvement တွေလာမယ်။ တစ်ချိန်တည်းမှာပဲ Magento CMS project အတွက် research လုပ်ပြီး timelines တွက်နေရမယ်။ ကိုယ်က senior or team lead ဆိုရင် သူများ personal & coding issues ပေါင်းစုံ လိုက်ရှင်းရမယ်။ Internal team members ရော clients တွေရော လူအမျိုးမျိုး စိတ်အထွေအထွေ professional ပေါင်းစုံနဲ့ ဆက်ဆံရမယ်။

မြင်သာအောင်ပြောရရင်တော့ Spartacus ဇတ်လမ်းတွဲထဲကလို Gladiator Arena (သတ်ကွင်း) ထဲရောက်နေတဲ့ လူလိုပဲ။ Business domain ပေါင်းစုံက projects တွေက language, framework or platforms ပေါင်းစုံကနေဝင်လာမယ်။ ကိုယ်က ဆက်လက်ရှင်သန်နေရင်တော့ အတွေ့အကြုံတွေအများကြီးရပြီး တော်ရုံတန်ရုံ pressure ဆိုတာမမှုတော့ဘူး၊ မခံနိုင်ရင်လည်း ကိုယ့်အကြောင်း ကိုယ်သိပြီး career ကို စောစီး give up လုပ်လိုက်ရုံပေါ့။

အလုပ်ရှာတဲ့ ဆောင်းပါးတွေ ဒီမှာဖတ်လို့ရပါတယ်။

ရာထူးလစာ အကြံပြုချက်

ကိုယ်က အလုပ်တွေကို သိမ်းကြုံးလုပ်နေရုံနဲ့ မပြီးဘူး၊ အဲဒါတွေကို လူမြင်အောင်ပြဖို့လည်း လိုတယ်။ အဲဒါမှ promotion or salary increment တောင်းဖို့ evidances ရသလို တစ်ခြားလူတွေအမြင်မှာလည်း ဒီလူက ဘာကိစ္စငါတို့ကိုကျော်ပြီး နေရာပိုရတာလဲဆိုတာ အမြင်ရှင်းမှာမို့။ ဘယ်လိုပြမလည်းဆိုရင် -

  • High-Quality Output => ကိုယ့် PM က အထက်ကို မပြောပေးတောင် client ဆီကတော့ ကျိန်းသေပေါက်ပြန်ကြားရတယ်
  • Constant Updates => Developers အများစုက ကိုယ်ဘာလုပ်နေလဲမေးရင် မကြိုက်ကြဘူး။ ဒါပေမယ့် Daily Standup, Slack or Jira မှာ updates တွေ ပြောနေတာမျိုးက ကိုယ့် contrubutions ကို ပေါ်လွင်စေတယ်
  • Accepting Challenges => Deadline အရမ်းကျပ်ပြီး လျော်ကြေးရှိတာ၊ language အသစ်နဲ့ရေးရတာ၊ complexity သိပ်များတာစတဲ့ projects တွေကို စိန်ခေါ်ပြီး အဆုံးထိလုပ်ပေးတာမျိုး (လက်ဝှေ့စကားနဲ့ဆို တွေ့မရှောင်ပေါ့)
  • Helping Others => Knowledge sharing sessions တွေ လုပ်တာမျိုး၊ သူများတွေခက်ခဲနေတဲ့ issues တွေ ကူရှင်းပေးတာမျိုး၊ junior တွေကို သင်ပေးပြီး ဆွဲခေါ်တာမျိုး (ဒါကတော့ တကယ်စေတနာပါမှ လုပ်တာကောင်း)

အရေးကြီးတာကတော့ ကိုယ်က ဒီကုမ္ပဏီအတွက် contribute လုပ်ခဲ့သမျှနဲ့ သူတို့အတွက် ဘာတွေအကျိုးရှိခဲ့လဲဆိုတာ records သေချာမှတ်ထားဖို့ပါပဲ။ ရာထူးလစာတိုးတောင်းတဲ့အခါမှာ အဲလိုချက်နဲ့လက်နဲ့တောင်းတဲ့အခါ တစ်ဖက်ကလည်း လိုလိုလားလားနဲ့ ပေးပါတယ်။

ကုမ္ပဏီအရွှေ့အပြောင်း အကြံပြုချက်

ကျွန်တော့်အမြင်အရတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို သံယောဇဥ်ဖြစ်လို့ရတယ်၊ ဒါပေမယ့် ကုမ္ပဏီကိုတော့ နှလုံးသားကြီးနဲ့ရင်းပြီး ချစ်စရာမလိုဘူး။ ဘာလို့လည်းဆိုတော့ ကုမ္ပဏီမှာ ပြဿနာတစ်ခုခု (အများအားဖြင့် financial problem) ကြုံလာခဲ့တဲ့အခါ သူတို့ survive ဖြစ်ဖို့အတွက် ကိုယ့်ကိုအချိန်မရွေး ရှင်းထုတ်နိုင်လို့ပဲ။

ကုမ္ပဏီဘက်က ကိုယ့်ကိုပေးရတဲ့လစာထက် အနည်းဆုံးတော့ တူတူတန်တန်ပြန်ရလို့ ဆက်ထားနေတာဖြစ်သလို ကိုယ်ကလည်း ဒီမှာအလုပ်လုပ်လို့ ဘာတွေအကျိုးကျေးဇူးရနေလဲဆိုတာ (salary, position, skill improve, network, relationship, etc.) အမြဲကြည့်နေသင့်တယ်။

ကျွန်တော်ပြောတာ စီးပွားရေးနည်းနည်းဆန်နေလိမ့်မယ်။ ဒါပေမယ့် ကုမ္ပဏီကလိုချင်တဲ့ performance မပေးနိုင်ခဲ့ရင် terminated အလုပ်ခံရသလိုပဲ ဒီမှာလုပ်ရတာလည်း ကိုယ့်အတွက် အကျိုးမရှိဘူးလို့ခံစားရရင် စောစီးလမ်းခွဲလိုက်တာကောင်းတယ်။ “ငါကအရမ်းချစ်လို့ လုပ်နေတာကွ” ဆိုတဲ့စိတ်ကြီးနဲ့ ဆက်သွားရင် ကြာရင် drama တွေများပြီး toxic player ဖြစ်လာလိမ့်မယ်။

နောက်ပြီးတော့ self-esteem တွေများပြီး ငါထွက်သွားရင် ဒီကုမ္ပဏီတော့ ဒုက္ခရောက်တော့မှာပဲဆိုတာမျိုး အတွေးဝင်လာတက်ပါတယ်။ ကိုယ်က Steve Jobs or Elon Musk တို့လို ပုဂ္ဂိုလ်မျိုးမဟုတ်တဲ့အတွက် အစားထိုးလို့ရတဲ့သူ အများကြီးရှိတယ်ဆိုတာ သတိချပ်ဖို့ပါ။

အဓိကမှာချင်တာတော့ ကုမ္ပဏီနဲ့ ပြဿနာဖြစ်ပြီး မထွက်ပဲ အပြုံးနဲ့လမ်းခွဲဖို့ပါ။ IT industry ဆိုတာ သေးသေးလေးမို့ ဒီလူတွေနဲ့ နောင်တစ်ချိန်ပြန်ဆုံရမှာဖြစ်သလို relationship တစ်ခုဆက််ရှိနေတာက ကိုယ့်အတွက်ပိုကောင်းတယ်။

Portfolio သေချာဆောက်ဖို လိုအပ်

Career အစကတည်းက GitHub, LinkedIn နဲ့ personal website တစ်ခု ရှိထားသင့်တယ်။ နောက်အရေးကြီးတာက career achievements တွေကို record သေချာသိမ်းထားဖို့ပဲ။ ဘာတွေလဲဆိုရင် -

  • Promotions => အများစုကတော့ ကိုယ်နောက်ဆုံးလုပ်ခဲ့တဲ့ position ကိုပဲ ရေးကြတာများတယ်။ တကယ်တော့ ရာထူးတက်ခဲ့သမျှကို start & end dates တွေနဲ့ သေချာပြပေးသင့်တယ်
  • Portfolios => Projects တွေကို docker နဲ့ပြန်ရေးပြီး အချိန်မရွေးဖွင့်လို့ရအောင် လုပ်ထားသင့်တယ်။ အဲဒါဆို interview ဖြေတိုင်း setup ပြန်လုပ်ရတဲ့ ဒုက္ခကင်းဝေးလိမ့်မယ်။ ပြီးတော့ တစ်ခုချင်းစီမှာ ဘာတွေလုပ်ခဲ့ရလဲ၊ ဘယ်လိုအောင်မြင်ခဲ့လဲဆိုတာနဲ့ project explanation ကို english လို presentation file ပြင်ပြီး screenshots တွေနဲ့ ယူထားသင့်တယ်
  • Contribution => Events volunteering, conference speaking, online mentoring စတဲ့ industry contributions တွေက ကိုယ့် career ကို အကျိုးပြုမှန်း နောက်ပိုင်းမှ သိလာတာ။ Unique benefit ကတော့ ကိုယ်သည် ဒီ IT industry ထဲမှာ လှုပ်ရှားနေတဲ့ စိတ်ချရတဲ့ လူတစ်ယောက်ပါဆိုတဲ့ အာမခံချက် (brand identity) တစ်ခုကို သူစိမ်းတွေကို ပေးနိုင်တာပဲ။ ကိုယ်လုပ်ခဲ့သမျှကို photos, videos စုံစုံလင်လင်နဲ့ သိမ်းထားဖို့လိုတယ်
  • Certificates => Course တက်ပြီးပဲရရ၊ skilled exam တွေဖြေပြီးပဲဖြစ်ဖြစ် အဲလို ကိုယ့် skill sets နဲ့သက်ဆိုင်တဲ့ လက်မှတ်တွေရှိတာက ဒီလူက CV မှာလျှောက်ရေးထားတာမဟုတ်ပဲ တကယ်ကျွမ်းကျင်တာပဲဆိုတဲ့ အာမခံချက်မျိုး ပေးနိုင်တယ်
  • Recommendation => ရုံးမှစလုပ်ကတည်းက upper management က လူတွေကို LinkedIn မှာ connect ထားပြီး အလုပ်ထွက်တဲ့အခါ recommendation တောင်းတာမျိုးပေါ့။ စောနကပြောတဲ့ အပြုံးနဲ့လမ်းခွဲဖို့ဆိုတာ ဒါမျိုးအတွက်ပြောတာ

အခုအကြောင်းအရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေ ဒီမှာဖတ်လို့ရပါတယ်။

အရေးကြီးတဲ့ English Skill

အရင်တုန်းက overseas project တွေရေးတဲ့သူဆို ရုံးမှာဆရာကြီးပဲ။ foreigner ဆိုတာမြင်ရခဲသလို အလုပ်လာအပ်တာလည်း ရှားလို့။ ၂၀၁၆ နောက်ပိုင်းတော့ ဖွံဖြိုးတိုးတက်နေတဲ့ခေတ်တစ်ခုကို ရောက်ပြီး foreign clients & developers တွေနဲ့ အတွေ့များလာတာပဲ။ အဲချိန်မှာ English စာကလည်း JD မှာ ချမရေးထားတဲ့ essential requirement တစ်ခုဖြစ်လာတယ် (လိုအပ်ရင်ပြောရမယ်၊ ရတာမရတာမင်းအပိုင်း)။

Language တစ်ခုကို ဒီလိုမျိုး ၂ပိုင်းမြင်လို့ရတယ် -

  • Input => Listening & Reading
  • Output => Speaking & Writing

အရင်ဆုံး ကိုယ့်ခေါင်းထဲကို input များများထည့်ဖို့လိုတယ် (ကိုယ်ထည့်သလောက်ပဲ​ output ပြန်ထုတ်နိုင်တာမို့)။ အားနေတဲ့အချိန် IT books တွေဖတ်ပေးမယ် (The Pragmatic Programmer, Soft Skills: The Software Developer’s Life Manual, The Phoenix Project, etc.)​။ လမ်းလျှောက်ကားစီးနေတဲ့အချိန်မှာလည်း Podcasts နားထောင်မယ် (TED Talks Daily, etc.)။

Output ကတော့ အဓိက practice ပဲ။ အစပိုင်းမှာတော့ ကိုယ့်ခေါင်းထဲကို လှလှပပလေး ဝင်ထားတဲ့ input တွေက ပြန်ထုတ်တဲ့အချိန်ကျ ခြေတုန်လက်တုန်နဲ့ အိုးနင်းခွက်နင်း ပေါက်ကရတွေ ထွက်လာနိုင်တယ်။ ဒါပေမယ့် လုပ်ရင်းနဲ့ပဲ​ confidence တိုးလာပြီး smoothe ဖြစ်လာတာပဲ။ CNN, BBC က သတင်းတွေကို ထိုင်ရွတ်တာမျိုးလည်း လုပ်လို့ရတယ်။ ခုနောက်ပိုင်းဆို ChatGPT voice chat နဲ့ english speaking လေ့ကျင့်တာလည်း မဆိုးဘူး။

Code Library တစ်ခု ဆောက်ထားဖို့လို

Project တစ်ခုရေးတိုင်း အများအားဖြင့် အဟောင်းထဲက codes တွေကို ပြန်ရှာပြီး ကူးထည့်ရတာများတယ်။ နောက်ပိုင်းကျတော့ Joplin or Boostnote သုံးပြီး code library တစ်ခု ဆောက်လိုက်တာပဲ။

Project init ဆိုရင် laravel new project — git နဲ့တင် မပြီးပဲ လုပ်ရမယ့် steps တွေအကုန်လုံးကို markdown နဲ့ ရေးထားလိုက်တယ်။ Firebase Cloud Messaging ဆိုလည်း တစ်ခါဖတ်ပြီးတာနဲ့ ကိုယ်သိထားသမျှကို code sample & terminal commands နဲ့တကွ ပြည့်ပြည့်စုံစုံနဲ့ ရေးထားတာပဲ။ ထပ်သိလာတာရှိလည်း ထပ်ဖြည့်လိုက်တယ်။ အချိန်ကြာလာတာနဲ့ အမျှ ကိုယ့် code library လေးက ပြည့်စုံလာပြီး အလုပ်လုပ်ရတာလည်း ပိုမြန်လာတာပဲ။

နောက်တစ်ခုကတော့ command files တွေ ဆောက်ထားတာပါ။ Laravel အတွက်ဆိုရင် ဒီဟာတွေသုံးလိုက်တာနဲ့ table listing, create, update, show, restore, deactivate ကိုမှ multiple file uploads နဲ့တကွ localization ပါတဲ့ page တစ်ခုကျလာတာမျိုးပေါ့။

php artisan make:admincontroller Web/Admin/ArticleController -ascudf
php artisan make:request Web/Admin/ArticleCreateRequest
php artisan make:request Web/Admin/ArticleUpdateRequest
php artisan make:repository Web/Admin/ArticleRepository
php artisan make:resource Web/Admin/ArticleDatatableResource
php artisan make:view web/admin/articles -ascudlmfF

နိဂုံး

Commercial software development အနေနဲ့တော့ မြန်မာ IT Professionals တွေက international ကို ကောင်းကောင်းဝင်တိုးလို့ရတဲ့ အနေအထားမှာရှိတယ်။ အများစုက အခက်အခဲတွေကြားထဲကနေ self-taught ပုံစံမျိုးနဲ့ ဖောက်ထွက်လာတာဆိုတော့ pressure ဒဏ်ခံနိုင်တယ်၊ challenge လုပ်ရတာကြိုက်တယ်၊ work rate အရမ်းကောင်းတယ်၊ အစုံသုတ်ခဲ့ရတော့ skill sets ကျယ်တယ် စသည်ပေါ့။ ဒါပေမယ့် communication & english skill အားနည်းကျပြီး political issues တွေကတော့ ပြဿနာဖြစ်နေဆဲပဲ။

--

--

Myo Win Thein

A developer sharing experiences with the world, one byte at a time.